မီတာခနှစ်ဆကျော်တက်ပြီး မီးပိုပြတ်နေတဲ့ ရန်ကုန်

RFA Burmese
2024.11.13
မီတာခနှစ်ဆကျော်တက်ပြီး မီးပိုပြတ်နေတဲ့ ရန်ကုန် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် ဓာတ်မီးတိုင်ပြင်ဆင်နေသည့် လျှပ်စစ်ဝန်ထမ်းများအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မြန်မာပြည်မှာ မီတာခဈေးနှုန်းတွေ နှစ်ဆကျော်မြင့်တက်သွားပေမဲ့ မီးပုံမှန်မရတဲ့အတွက် ရန်ကုန်မြို့နေပြည်သူတွေ အခက်အခဲ ဖြစ်နေပါတယ်။ တစ်ဖက်မှာလည်း ကုန်ထုတ်လုပ်ရတဲ့စရိတ်တွေ ပိုကြီးသွားပါတယ်။

"မီတာခ အရင်ကထက်ကို နှစ်ဆတက်သွားတဲ့အပြင်ကို မီးကလည်းပျက်တာ အရင်ကထက် နှစ်ဆ ပိုသွားတဲ့အတွက် အိမ်ရှင်မတွေအတွက် အရမ်းအခက်အခဲဖြစ်တယ်ပေါ့။ ဘာလို့လဲဆိုတော့ အိမ်ရှင်မတွေက ကလေး ဝေယျာဝစ္စ၊ ကလေးကျောင်းအမီ လုပ်ရတာတွေရှိတယ်။ ရုံးသွား ဘာသွား လုပ်ရတာတွေရှိတယ်"

စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့ကစပြီး လျှပ်စစ်မီတာခတွေကို နှစ်ဆကျော် တိုးလိုက်သလို၊ မီးဖြတ်ခံရတဲ့အချိန်လည်း အရင်ထက် နှစ်ဆပြတ်တောက်နေတဲ့အတွက် ရန်ကုန်မြို့သူ မြို့သားတွေ အခက်အခဲ ဖြစ်နေကြတာပါ။

အခုဆိုရင် တခြား ကုန်ဈေးနှုန်းတွေတက်တဲ့အပြင် မီတာခပါတက်တဲ့အတွက် ရတဲ့ဝင်ငွေနဲ့ အဆင်မပြေဘူးလို့ ကိုသန်းဇော်လို့ အမည်လွှဲထားတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောပါတယ်။

"လစာရတာမှ သုံးသိန်းလောက်နဲ့ အိမ်လခနဲ့ ကလေးကျူရှင်ခနဲ့ စာဝတ်နေရေးနဲ့ မီတာခတွေက အရင်တုန်းကဆိုရင် တစ်သောင်းလောက်ပဲဆောင်ရတာ။ အခုတော့ နှစ်သောင်းကျော်လောက် ဖြစ်နေတော့လေ ဘယ်လိုမှ အဆင်မပြေဘူး"

အိမ်သုံးမီတာခအတွက် ၂၀၁၉ ခုနှစ်က ယူနစ် နှစ်ရာအထက်သုံးရင် တစ်ယူနစ်ကို ၁၂၅ ကျပ်သတ်မှတ်ထားပေမဲ့ အခု ကျပ်သုံးရာ သတ်မှတ်လိုက်တာပါ။ လုပ်ငန်းသုံး မီတာခအတွက် အရင်က ယူနစ် နှစ်သောင်းအထက်အတွက် တစ်ယူနစ်ကို ၁၆၅ ကျပ်ကနေ အခု ကျပ်ငါးရာ သတ်မှတ်လိုက်တာပါ။


ဆက်နွှယ်သောသတင်းများ

လျှပ်စစ်ဓာတ်အားခ နှစ်ဆကျော် တိုးကောက်ဖို့ရှိကြောင်း စစ်ကောင်စီပြော

စက်ရုံတွေ တစ်နေ့လုံး လျှပ်စစ်ရရင် မီတာခ သုံးဆပေးမယ်ပြောပေမယ့် မပေးနိုင်ခဲ့

လျှပ်စစ်မီးပြတ်တောက်မှုကို ဝေဖန်တဲ့ အဆိုတော်ဗျူဟာ ထောင်အနှစ်နှစ်ဆယ် ချခံရ


အခုဆိုရင် ရန်ကုန်တိုင်းက မြို့နယ်အားလုံးကို အချိန်ပိုင်းနဲ့ပဲ လျှပ်စစ်မီး ပေးနိုင်ပါတော့တယ်။

တစ်ရက်မှာ ၄ နာရီ နှစ်ခါပြတ်ပြီး စုစုပေါင်း ၈ နာရီ မီးဖြတ်ခံထားရပါတယ်။ ဒါတောင် ကြေညာထားတဲ့အတိုင်း မီးမရလို့ အသေးစားစက်မှုလုပ်ငန်းတွေလည်း မီးစက်ကိုပဲ အားကိုးနေရပါတယ်။

"မီးက ပုံမှန်သတ်မှတ်ထားတဲ့ သူတို့ပြောတဲ့အချိန်တိုင်း လာချင်မှလည်း လာတာလေ။ အဲဒီတော့ မလာလို့ရှိရင်လည်း ကိုယ်က ကိုယ့်အလုပ်လေးမပျက်အောင် မီးစက်နှိုးပြီး လုပ်သင့်ရင်လုပ်ရတာပေါ့။ ဆီဖိုးကုန်တာပေါ့"

ဒီလို မီးစက်သုံးရတဲ့အတွက် ထုတ်လုပ်ရတဲ့ ကုန်ကျစရိတ်များပြီး စျေးတက်သွားပါတယ်။

"မီးက ပုံမှန်သတ်မှတ်ထားတဲ့ သူတို့ပြောတဲ့အချိန်တိုင်း လာချင်မှလည်း လာတာလေ။ အဲဒီတော့ မလာလို့ရှိရင်လည်း ကိုယ်က ကိုယ့်အလုပ်လေးမပျက်အောင် မီးစက်နှိုးပြီး လုပ်သင့်ရင်လုပ်ရတာပေါ့"

အဲဒီအပြင် နောက်ပြဿနာတစ်ခုက သူခိုးသူဝှက်ကြောက်ရတဲ့ကိစ္စပါ။ မီတာခချွေတာဖို့ မလိုအပ်တဲ့ မီးတွေပိတ်ထားချင်ပေမဲ့ ဒုစရိုက်သမားတွေကိုကြောက်ရလို့ ပိတ်ထားဖို့မဖြစ်နိုင်ဘူးလို့ လုပ်ငန်းရှင် တစ်ဦးက ဆိုပါတယ်။

"ညရေး ညတာကျလို့ ရှိရင် မီးလေးဖွင့်ထားမှ အဆင်ပြေတော့မယ်ဆိုလို့ရှိရင် မီးလေးဖွင့်ထားသင့်ရင် ဖွင့်ထားရတာပေါ့။ အခုဟာက သူခိုးရန်ကလည်း ကြောက်ရသေးတယ်။ မီးထွန်းထားတာတောင် ဝါယာကြိုးကို မီးစက်အပြင်ထုတ်ထားလို့ ဖြတ်ခိုးသွားတာတောင် တစ်ခါ ခံလိုက်ရဖူးသေးတယ်"

လျှပ်စစ်မီး ပုံမှန်မရတဲ့အတွက် လူတွေအတွက် အရေးအကြီးဆုံးဖြစ်တဲ့ ထမင်း ဟင်းချက်တဲ့အခါမှာ ပျက်ဆီးဆုံးရှုံးရတာတွေလည်း ရင်ဆိုင်နေရပါတယ်။

"ထမင်းပေါင်းအိုး ပျက်သွားတာဆို အခါခါပဲ။ ခဏခဏ ပျက်တယ်။ တစ်ခါတလေကျရင် ရေတောင် မတင်လိုက်ရတာတွေရှိတယ်။ ရေကတင်ရမဲ့အချိန်မှာ မတင်လိုက်ရတာတို့၊ မီး ရုတ်တရက်ပျက်သွားတဲ့အချိန်မှာ မတင်လိုက်ရတာတို့ အဲဒါတွေရှိတယ်"

ရန်ကုန်မြို့၊ နေအိမ်တစ်အိမ်ရှိ မီးဖိုချောင်တွင် ချက်ပြုတ်နေသူတစ်ဦးအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့၊ နေအိမ်တစ်အိမ်ရှိ မီးဖိုချောင်တွင် ချက်ပြုတ်နေသူတစ်ဦးအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: RFA)

လျှပ်စစ်မီးပြတ်တောက်မှုတွေနဲ့ပတ်သက်ပြီး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတဲ့သူ မရှိပါဘူး။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ၂၀၂၅ ခုနှစ်မှာ လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက်ရဖို့ ဆောင်ရွက်နေတယ်လို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့အစည်းအဝေးတစ်ခုမှာ ပြောထားပါတယ်။

လျှပ်စစ်ဝန်ကြီးဌာနကတော့ တစ်နိုင်ငံလုံးမှာ ဓာတ်အားလိုအပ်ချက် တစ်ရက်ကို မဂ္ဂါဝပ် ၅၅၀၀ လောက်ရှိပေမဲ့ လက်ရှိမှာ တစ်ရက်ကို မဂ္ဂါဝပ် ၂၈၀၀ လောက်ပဲ ထုတ်လုပ်နိုင်တာကြောင့် တစ်နိုင်ငံလုံးမှာ ၅၀ ရာခိုင်နှုန်းပဲ မီးပေးနိုင်တယ်လို့ ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
ဗီဒီယိုများ
တရုတ်မယားအဖြစ် ရောင်းစားခံရသူတစ်ယောက်အကြောင်း
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။