ရန်ကုန်ရောက် ဆမီးစစ်ဘေးဒုက္ခသည်တွေ အကူအညီလိုအပ်နေ

RFA Burmese
2024.09.18
ရန်ကုန်ရောက် ဆမီးစစ်ဘေးဒုက္ခသည်တွေ အကူအညီလိုအပ်နေ လောင်တလိုင်ခရိုင်၊ ကာကီဆွာ စစ်ဘေးဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသော ပလက်ဝ ဒေသခံများကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က တွေ့ရစဉ်။
Paletwa IDPs and Humanitarian Supporting

ချင်းပြည်နယ် ပလက်ဝနဲ့ ဆမီးကနေ ရန်ကုန်ကို တိမ်းရှောင်လာကြတဲ့ စစ်ဘေးဒုက္ခသည် ချင်းလူမျိုးစုတွေ အလုပ်အကိုင်နဲ့ နေထိုင်စားသောက်ရေး ခက်နေကြပါတယ်။

“ချင်းပြည်နယ်၊ ဆမီးမြို့မှာနေတဲ့အခါမှာ အသက်အန္တရာယ်ကို ကြောက်ရလို့။ နံပါတ်တစ်အနေနဲ့ အဲဒီလိုမျိုး စစ်ရှောင်ရတာဖြစ်တယ်။ ဒုတိယအနေမှာဆိုလို့ရှိရင် ကျွန်တော်တို့မိသားစုတွေ ကလေးတွေရဲ့အနာဂတ် ကျန်းမာရေးရယ်၊ ပညာရေးရယ်၊ အဲဒီလို အခက်ခဲတွေကို ကျွန်တော်တို့က အများကြီးရှိတယ်။ အသက်အန္တရာယ်မကဘဲ အဲဒီလိုရှိတဲ့အခါမှာ ရန်ကုန်မှာ စစ်ဘေးရှောင်လာရတာဖြစ်တယ်။ ဆွေမျိုးလည်းမရှိပါဘူး။ အသိုင်းအဝိုင်းလည်း မရှိပါဘူး”

ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့ကနေ စစ်ဘေးရှောင်ဖို့ ရန်ကုန်မြို့ကို ရောက်နေတဲ့ ခရစ်ယာန် သင်းအုပ်ဆရာတစ်ဦး ပြောပြနေတာပါ။

စစ်ကောင်စီလက်အောက်က ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် (AA) က ၂၀၂၃ ခုနှစ် နိုဝင်ဘာမှာ စတိုက်ခဲ့ပြီး နှစ်လအကြာ ဇန်နဝါရီလ ၁၄ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပြည်မနဲ့ ဆက်သွယ်ရေး ပြတ်တောက်နေတဲ့အတွက် စားဝတ်နေရေးရော ရှင်သန်ရေးအတွက်ပါ နေရပ်စွန့်ခွာတိမ်းရှောင်နေတာပါ။

“ရန်ကုန်မြို့ကို နှစ်ရက်အတွင်းရောက်ပေမဲ့ အခုတော့ နှစ်ပတ်ခန့် ကြာခဲ့ရပါတယ်”

ထွက်ပြေးတဲ့အခါမှာလည်း အရင်က ရန်ကုန်မြို့ကို နှစ်ရက်အတွင်းရောက်ပေမဲ့ အခုတော့ နှစ်ပတ်ခန့် ကြာခဲ့ရတယ်လို့ သင်းအုပ်ဆရာက ပြောပါတယ်။

“ဆမီးကနေ ရန်ကုန်ကို စစ်ရှောင်လာတဲ့အခါမှာ လမ်းတွေမှာ တိုက်ပွဲတွေဖြစ်တယ်။ နားရတယ်။ အဲဒီတိုက်ပွဲတွေပြီးမှ သွားရတယ်။ အဲဒီလိုမျိုးတွေ ဖြစ်တယ်။ ပြီးရင် လမ်းကြောင်းမှာ အစစ်ဆေးတွေ ခံရတယ်။ တိုက်ပွဲဖြစ်တဲ့ကာလမှာ နှစ်ဖွဲ့စလုံးကတော့ ကျွန်တော်တို့ တွေ့ရတာ ဖြစ်ပါတယ်။ သူတို့က မသွားနဲ့ဆို မသွားဘဲနဲ့ နားရတယ်။ သူတို့သွားခွင့်ပေးမှသာ ကျွန်တော်တို့ သွားရတာဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ လမ်းမှာ တအားကြီးကို နှစ်ပတ်တိတိ ကြာတာဖြစ်ပါတယ်”

ပလက်ဝမြို့နယ်က စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလကတွေ့ရစဥ်။ (ဆလိုင်းမျိုးထိုက် ဓာတ်ပုံ)
ပလက်ဝမြို့နယ်က စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလကတွေ့ရစဥ်။ (ဆလိုင်းမျိုးထိုက် ဓာတ်ပုံ)

အသက်အန္တရာယ်ကင်းနိုင်မဲ့ ရန်ကုန်ကို ရောက်လာပြန်တော့လည်း နောက်ထပ် စိန်ခေါ်မှုတွေက စစ်ဘေးဒုက္ခသည်တွေကို ဆီးကြိုနေပါတယ်။

“စစ်ဘေးရှောင်အနေနဲ့ အိမ်ငှားရတာလည်း မလွယ်လှဘူးဆိုတော့ ရတဲ့ဟာလေးမှာပဲ ဒီလိုပဲနေရတယ်။ တခြားပြောင်းဖို့ဟာလည်း မလွယ်လို့ ဒီလိုပဲခံနေရတယ်။ ကျွန်တော်တို့ မိသားစုလည်း များတယ်။ များတဲ့အထဲမှာ အခုဆိုရင် နေတဲ့အိမ်တောင်မှ ကျပ်ကျပ်တည်းတည်း ဖြစ်နေတယ်။ မိုးလည်း ယိုပြန်သေးတယ်။ ဒီလိုပဲ ငုံ့ခံပြီးမှ တခြားမှာ ငှားပြန်ဖို့ကလည်း အိမ်လခလည်း မလွယ်ဘူး။ အလုပ်အကိုင် ရှာဖို့ကလည်း ကိုယ်ကလည်း စစ်ဘေးဒုက္ခသည်ဆိုတော့ အလုပ်လည်း မရနိုင်ဘူး”

လတ်တလောမှာ စားဖို့အတွက် အလှူရှင်တွေပေးတာနဲ့ အသက်ဆက်နေရသလို သောက်ရေအတွက် မိုးရွာတိုင်း မိုးရေခံထားတယ်လို့ ပြောပါတယ်။

“စားရေးသောက်ရေးကတော့ သူတစ်ပါးတွေရဲ့ လှူဒါန်းတဲ့တစ်ခါတလေမှာ ဆန်အိပ်တွေ ပေးတယ်။ တစ်ခါတလေမှာ ဟင်းတွေဝယ်ပြီးမှ သူတို့တွေ လာလှူတာတွေ စားရတယ်။ တစ်ခါတလေမှာ မစားရတာတွေရှိတယ်။ ရေတောင်မှ ကျွန်တော်တို့က ရေသန့်ဘူးတွေ မဝယ်နိုင်တဲ့အခါမှာ မိုးရေတွေခံပြီးမှ သောက်တဲ့အနေထားတွေ ရှိပါတယ်”

ပလက်ဝကို ပြန်မယ်ဆိုရင်လည်း နေစရာအိမ်နဲ့ လုပ်ငန်းတွေ မရှိတော့သလို အသက်အန္တရာယ်လည်း ရှိနေသေးတယ်လို့ ခရစ်ယာန်သင်းအုပ်ဆရာက ပြောပါတယ်။

“ဆမီးနဲ့ ပလက်ဝကို ပြန်မယ်ဆိုလို့ရှိရင် လောလောဆယ်မှာတော့ ပြန်နိုင်ဖို့ အလားလာမရှိဘူး။ ဘာကြောင့်လဲဆိုလို့ရှိရင် အသက်အန္တရာယ်လည်း ရှိနိုင်တယ်။ အခုလက်ရှိမှာလည်း တိုက်ပွဲတွေ ပြီးသွားပြီလားဆိုတာ ပြောလို့မရသေးဘူး။ ကျွန်တော်တို့ ထားခဲ့တဲ့အိုးအိမ်တွေ လုပ်ငန်းတွေလည်း ခုချိန်မှ ဘာမှပြန်လည်ပြီး လုပ်ကိုင်ဖို့ နေထိုင်ဖို့ မရဘူးဆိုတာ အခက်ခဲတွေ အများကြီးရှိတယ်”

၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနစာရင်းအရ ပလက်ဝမြို့နယ်မှာ လူဦးရေ တစ်သိန်းကျော်ရှိပြီး မြို့ပေါ်မှာ ရှစ်ထောင်ကျော် ရှိပါတယ်။ ဆမီးမြို့မှာတော့ လေးထောင်ခန့် ရှိခဲ့ပါတယ်။


ဆက်နွှယ်သော သတင်းများ

ချင်းပြည်နယ်မှာ ဝမ်းရောဂါကြောင့် ဒေသခံ ၁၈ ဦး သေဆုံး

ပလက်ဝမြို့နယ်မှာ တိုက်ပွဲကြောင့် လူဦးရေထက်ဝက်ခန့် ထွက်ပြေးနေရ

ချင်းပြည်နယ်မှာ ဝမ်းရောဂါကြောင့် ဒေသခံ ၁၈ ဦး သေဆုံး


ချင်းအရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ လူဦးရေရဲ့တစ်ဝက်ဖြစ်တဲ့ နှစ်သိန်းခွဲခန့် ဘေးလွတ်ရာ ထွက်ပြေးနေရပြီး အဲဒီထဲက အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေတဲ့သူ ခြောက်သောင်းကျော် ရှိပါတယ်။ ပလက်ဝမြို့ကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ရောက်သွားတဲ့သူက လေးထောင်ခန့်ရှိပြီး အဲဒီလူတွေကတော့ ဒုက္ခသည်စခန်း ၁၇ ခုနဲ့ တခြားနေရာတွေမှာ နေကြရတယ်လို့ ကူညီနေတဲ့သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။