စစ်ရေးအရ အရေးပါတဲ့ ပလက်ဝမြို့ကို AA သိမ်းယူ

RFA Burmese
2024.01.15
စစ်ရေးအရ အရေးပါတဲ့ ပလက်ဝမြို့ကို AA သိမ်းယူ ချင်းပြည်နယ်၊ ပလက်ဝမြို့အား ရက္ခိုင့်တပ်တော်မှသိမ်းယူပြီးနောက် ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်အချို့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် တွေ့ရစဉ်။
AA Info Desk

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အစပ်က ပလက်ဝမြို့ကို ရက္ခိုင့်တပ်တော် (AA) ဇန်နဝါရီလ ၁၄ ရက်မှာ စစ်ကောင်စီလက်ကနေ သိမ်းယူလိုက်ပါတယ်။

မြန်မာ-အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ပလက်ဝမြို့နယ်ကို ရဖို့ AA က ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်းက ထိုးစစ်ဆင်ခဲ့တာပါ။

ပလက်ဝဒေသမှာ စစ်ကောင်စီတပ်ရဲ့ ပွိုင့် (၃၇၇) စစ်ဆင်ရေး အခြေကုပ်စခန်းကုန်း၊ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခမရ (၃ဝ၈)တပ်ရင်း၊ မီးဝဗျူဟာ၊ မြိတ်ဝတပ်စခန်း၊ ခန်ခတောင် ဗျူဟာစခန်း၊ ခလရ ၂၈၉ တပ်ရင်း၊ တရွန်အိုင်ဗျူဟာနဲ့ နှုံးဘူးဗျူဟာ တပ်စခန်းတွေရှိပြီး အဲဒီစခန်းတွေအားလုံး AA က သိမ်းယူခဲ့ပါတယ်။

၂၀၁၉ ခုနှစ်တုန်းက ပလက်ဝဒေသကို ရက္ခိုင့်တပ်တော် AA က ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အခုတစ်ကျော့ပြန် ထိုးစစ်မှာတော့ စစ်ကောင်စီဘက်က တပ်စခန်းတွေအားလုံး လက်လွှတ်လိုက်ရပါတယ်။

ဒါကြောင့် ချင်းပြည်နယ်ကနေ လာမယ့် စစ်ကောင်စီရဲ့ စစ်ရေးလမ်းကြောင်းတွေကို AA က ပလက်ဝကနေ ပိတ်ဆို့တားဆီးနိုင်တော့မှာဖြစ်တယ်လို့ ပလက်ဝမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) NLD လွှတ်တော် ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က RFA ကိုပြောပါတယ်။

"အဓိကတော့ ပလက်ဝရဲ့ လမ်းပိုင်းကို ထိန်းချုပ်ထားနိုင်တယ်ဆိုတာတွေ့ရပါတယ်။ ပလက်ဝအနောက်ဘက်အခြမ်းပေါ့နော်။ ဒီဘက်အခြမ်းမှာလည်း ချင်းပြည်နယ် အနေအထားမှာဆိုရင်လည်း ဘယ်လမ်းကြောင်းကနေပြီးတော့မှ စစ်ကောင်စီတပ်တွေ က ထွက်ပေါက်မရှိတော့ဘူးလေ။ ချင်းပြည်နယ်မှာဆိုရင် မြို့ပေါ်လောက်ပဲ စစ်ကောင်စီတပ်စခန်း ရှိတော့တာ။ ဒီ ချင်းတောင်ကနေ ရခိုင်ပြည်ဘက်ကို စစ်ကောင်စီတပ်တွေက ဘယ်လိုမှ စစ်ကူသွားစရာ အကြောင်းလည်းမရှိတော့ဘူး"

စစ်ကောင်စီတပ်ကနေ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်တဲ့ ဗိုလ်ကြီး ဇင်ယော်ကတော့ AA က ပလက်ဝကို ထိန်းချုပ်ထားနိုင်တာဟာ ချင်းနဲ့ မကွေးအတွက်ပါ စစ်ရေးအရ အားသာမှုတွေရလာနိုင်ပြီး ထောက်ပံ့ရေးလမ်းကြောင်းတွေ လည်း ပိုပြီးပွင့်လာတယ်လို့ RFA ကိုပြောပါတယ်။

"ပလက်ဝက ဘယ်လောက်အထိအရေးကြီးလဲဆိုတော့ ချင်းတောင်ပါ ပါတယ်။ ပြီးတော့ကျတော့ မကွေးတိုင်းနဲ့ပါ တစ်ခါတည်း ဆက်သွယ်လို့ရတယ်။ စစ်ရေးအရပြောရရင် AA အနေနဲ့က ထိန်းချုပ်နယ်မြေတစ်ခု ရသွားပြီ။ အခြေချနေရာတစ်ခု ရသွားပြီ။ အောက်ဘက်ကို ဆင်းသွားမယ်ဆိုရင် ရခိုင်ပြည်နယ်၊ ကျောက်တော်ထဲအထိ သူတို့ထပ်ပြီးတော့ ထိန်းချုပ်နိုင်တယ်။ ပြီးတော့ အုပ်ချုပ်ထောက်ပံ့မှုလမ်းကြောင်းက အရင်ကဆိုရင် ဒီပလက်ဝကို သူတို့ (AA) စစ်လက်နက်ပစ္စည်းပို့ရင် မီဇိုရမ်ပြည်နယ်ထဲကနေ ဖြတ်ပြီးပို့ရတယ်။ အခုဆိုရင် စစ်ကိုင်းတို့၊ ချင်းတို့ကနေဖြတ်ပြီးတော့ သယ်ယူပို့ဆောင်လို့ရသွားပြီ"

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်၏ ခလရ (၂၈၉) တပ်ရင်းဌာနချုပ်သိမ်းပိုက်ပြီးနောက် ရက္ခိုင့်တပ်တော် သိမ်းဆည်းရမိသည့် သံချပ်ကာကားကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: AA Info Desk)
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်၏ ခလရ (၂၈၉) တပ်ရင်းဌာနချုပ်သိမ်းပိုက်ပြီးနောက် ရက္ခိုင့်တပ်တော် သိမ်းဆည်းရမိသည့် သံချပ်ကာကားကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: AA Info Desk)

ပလက်ဝဒေသကို ခြေကုပ်ယူပြီး AA အနေနဲ့ ရခိုင်ပြည်နယ် ကျောက်တော်အထိ ထိန်းချုပ်နိုင်သလို အနောက်မြောက်တိုင်းစစ်ဌာနချုပ်အထိ စစ်ရေးအရ ဖိအားပေးနိုင်တယ်လို့ သူက ပြောပါတယ်။

ပလက်ဝမြို့ဟာ အနောက်ဘက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြောက်ဘက်မှာ အိန္ဒိယနိုင်ငံတွေနဲ့ နယ်နိမိတ်ချင်းထိစပ်နေပြီး အိန္ဒိယ-မြန်မာ ပူးပေါင်းအကောင်အထည်ဖော်မယ့် ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းလည်းရှိပါတယ်။

ဒါကြောင့် အိန္ဒိယအစိုးရအနေနဲ့ AA ကို ဆွေးနွေးရမယ့်အခြေအနေဖြစ်လာတယ်လို့ ရခိုင်နိုင်ငံရေးလှုပ်ရှားသူတစ်ဦးက RFA ကိုပြောပါတယ်။

"စီမံကိန်းကလည်း ပြီးလုပြီးခါနီးမှာ အခုလို စီမံကိန်းရဲ့ အရေးပါတဲ့နေရာကို ရက္ခိုင့်တပ်တော်ဘက်က အလုံးစုံထိန်းချုပ်လိုက်ပြီဆိုတဲ့အခါကျတော့ အိန္ဒိယအစိုးရ အတွက် ရွေးချယ်စရာ နှစ်ခုရှိတာပေါ့။ တစ်ခုကတော့ ဒီစီမံကိန်းကို ဒီအတိုင်းပဲ နိုင်ငံရေးအခြေအနေတစ်ခုရောက်မှ ပြန်စမယ်။ လောလောဆယ် ယာယီ ရပ်ထားမယ်ပေါ့၊ အဲလို စဉ်းစားမလား။ ဒါမှ မဟုတ်ရင်လည်း ULA/AA နဲ့နေပြီးတော့မှ အခုကတည်းက စပြီးတော့ ဆွေးနွေးဖို့လိုပြီ။ အရင်တုန်းက ဘယ်လိုပဲ မဆွေးနွေးခဲ့သည်ဖြစ်စေ။ အခုက တကယ့်ကိုဆွေးနွေးရမယ့် အခြေအနေရောက်ပြီ ဆိုပြီးတော့မှ၊ သုံသပ်ပြီးတော့မှ ဆွေးနွေးမှုတွေ လုပ်ကြမလားပေါ့။ ဒီလိုတော့ ရွေးစရာရှိတယ်လို့တော့ ထင်ပါတယ်"

ပလက်ဝမြို့ကို AA ထိန်းချုပ်လိုက်တာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို ချင်းပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

"ဒေသခံတွေ စိုးရိမ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီတပ်တွေက အချိန်မရွေး လေကြောင်းတိုက်ခိုက်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုက ရှိနေသေးတယ်"

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ စီမံကိန်းမန်နေဂျာ ဆလိုင်းတေရကတော့ ပလက်ဝဒေသဟာ စစ်ကောင်စီတပ်အတွက်လည်း အရေးပါတာကြောင့် ဒီနယ်မြေကို ပြန်ရဖို့ လေကြောင်းတိုက်ခိုက်မှုတွေလုပ်လာရင် အရပ်သားတွေပိုပြီး ထိခိုက်နိုင်တယ်လို့ ပြောပါတယ်။

"ဒေသခံတွေ လောလောဆယ် အခြေအနေတော့ သူတို့ (ဒေသခံတွေ) စိုးရိမ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီတပ်တွေက အချိန်မရွေး လေကြောင်း တိုက်ခိုက်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုက ရှိနေသေးတယ်။ စိတ်အေးလက်အေးနဲ့ သူတို့ မနေနိုင်သေးဘူးပေါ့နော်။ အဓိက အခုလောလောဆယ်သိတဲ့အတိုင်း လမ်းပန်း ဆက်သွယ်ရေးက စစ်ကောင်စီဘက်က ပိတ်ဆို့ထားတယ်။ ရိက္ခာကလည်း ပြတ်နိုင်တယ်။ စစ်ရေးက စနေတုန်းဆိုတော့ စားနပ်ရိက္ခာ အခြေခံလိုအပ်ချက် လူသုံးကုန်တွေ ပြတ်လပ်နိုင်တယ်"

ချင်းပြည်နယ်ရဲ့ အတွင်းဘက်လမ်းကြောင်းတွေကို စစ်ကောင်စီဘက်က ဖြတ်တောက် ထားတာကြောင့် ပလက်ဝဒေသခံတွေရဲ့ စားနပ်ရိက္ခာလိုအပ်ချက်ကို အိန္ဒိယ-မြန်မာ နယ်စပ်ကနေတစ်ဆင့် သယ်ယူရတော့မယ့် အခြေအနေ ဖြစ်လာတယ်လို့ သူကပြောပါတယ်။

ပလက်ဝဒေသတွင်း နှစ်ဖက်တိုက်ပွဲတွေကြောင့် ဇန်နဝါရီလ ၁၄ ရက်နေ့အထိ နေရပ်စွန့်ခွာထွက်ပြေးနေရသူ ငါးသောင်းကျော်အထိရှိလာပြီလို့ စစ်ဘေးဒုက္ခသည်အရေး အကူအညီပေးနေသူတွေ ကပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပလက်ဝမြို့အပါအဝင် မြို့ပေါင်း ၃၁ မြို့ကို စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီ လက်လွှတ်ခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။