စစ်ခေါင်းဆောင် သမ္မတတာဝန်ယူပြီးနောက် ချင်းနဲ့ စစ်ကိုင်းမှာ အရပ်သား ၁၁၉ ဦး သေဆုံး

သေဆုံးသူတွေထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ၇၄ ဦးနဲ့ သေဆုံးမှုအများဆုံးဖြစ်။

အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတရာထူး စတင်တာဝန်ယူခဲ့တဲ့ ၂၀၂၆ ခုနှစ် ဧပြီလကနေ ဇွန်လ ၂၁ ရက်နေ့အထိ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အရပ်သား တစ်ရာကျော် (၁၁၉ ဦး) သေဆုံးခဲ့တယ်လို့ တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့စည်း(WJ) က RFA ကို ပြောပါတယ်။

WJ ရဲ့ ဇွန်လ ၂၁ ရက်နေ့အထိ စာရင်းအရ သေဆုံးသူတွေဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် ၇၄ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၂၀ ဦး၊ လူသားဒိုင်းအဖြစ် အသုံးပြုခံရတာနဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတာကြောင့် ၂၁ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၄ ဦး ပါဝင်ပါတယ်။

စစ်ခေါင်းဆောင် သမ္မတဖြစ်လာပြီးနောက် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ပိုပြီး ဒုက္ခရောက်လာတယ်လို့ တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့အစည်း (WJ) ရဲ့ ပြောရေးဆိုခွင့်ရှိသူ၊ သုတေသနနဲ့ အချက်အလက်မှတ်တမ်းတင်ရေးတာဝန်ခံ (IDR Officer) DRose က RFA ကို ပြောပါတယ်။

“အမျိုးသမီးတွေအနေနဲ့ စစ်ဘေးဒဏ်ကြောင့် စိုးရိမ်ထိတ်လန့်မှုတွေ၊ စိတ်ဒဏ်ရာတွေ ရရှိလာသလို ညဘက်တွေမှာလည်း ကောင်းကောင်းအိပ်မပျော်ဘူး၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ စစ်ကြောင်းဝင်ရောက်လာမှာကိုလည်း အမြဲစိုးရိမ်ကြောက်လန့်နေကြရတာ၊ ဒါ့အပြင် တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ အမျိုးသမီးတွေဟာ တောတောင်တွေထဲမှာ ခိုလှုံနေကြရသလို စစ်ဘေးရှောင်စခန်းတွေမှာလည်း ခိုလှုံနေကြရတယ်။ အမျိုးသမီးသုံးပစ္စည်းတွေဖြစ်တဲ့ ဓမ္မတာသုံးပစ္စည်းတွေလည်း ရှားပါးတယ်၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တာတွေလည်း ကြုံနေရတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက်လည်း အသက်အန္တရာယ် ပိုများလာပါတယ်“

ထိခိုက်ဒဏ်ရာရသူ အရေအတွက်ကလည်း ၁၅၀ နီးပါးရှိလာပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ၉၁ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၅၈ ဦးနဲ့ မြေမြှုပ်မိုင်းကြောင့် ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်မှုထမ်းဥပဒေအရ အတင်းအကျပ်ဖမ်းဆီးခံရသူ ၆၀၂ ဦးရှိပြီး လူသားဒိုင်းအဖြစ် အသုံးပြုဖို့ ဖမ်းဆီးခံထားရသူ ၄၀ ဦး ရှိတယ်လို့ WJ က ပြောပါတယ်။

တိုက်ပွဲတွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ဘာသာရေးအဆောက်အအုံ ၈ လုံး၊ ပြည်သူနေအိမ် ၅၆၇ လုံးနဲ့ စာသင်ကျောင်း၊ ဆေးရုံ၊ အစိုးရရုံးတွေအပါအဝင် အစိုးရအဆောက်အအုံ ၁၅ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ WJ က ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုး ပြောရေးဆိုခွင့်ရှိသူ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချုပ် စံညိုဝင်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့စည်း(WJ) က RFA ကို ပြောတဲ့ အချက်အလက်တွေဟာ မြေပြင်နဲ့ သတင်းမီဒီယာတွေကို စောင့်ကြည့်တွက်ချက်ထားတဲ့အပေါ် အခြေခံပြောဆိုထားတာဖြစ်ပြီး လက်ရှိလုံခြုံရေးအခြေအနေတွေကြောင့် အချက်အလက်ကောက်ယူဖို့ ခက်ခဲတဲ့ဒေသတွေ ရှိနေသေးတာကြောင့် အမှန်တကယ် ထိခိုက်သေဆုံးသူ အရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့လည်း ဆိုပါတယ်။