မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်ကို စစ်တပ်က စစ်ကြောင်းထိုးနေတဲ့ ဩဂုတ်လ ၁၆ ရက်နေ့အထိ နှစ်ပတ်အတွင်း နေအိမ် ၁၀၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံရပြီး နေအိမ်တွေထဲက တန်ဖိုးကြီးပစ္စည်းတွေကိုလည်း စစ်တပ်က ယူသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဩဂုတ်လ ၁၆ ရက်နေ့မှာ ကမ္ဘာတဲရွာ မီးရှို့ခံရတာကြောင့် နေအိမ်တွေပျက်စီးသွားတယ်လို့ ကျောက်ပန်းတောင်းဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီနေ့(ဩဂုတ် ၁၆ ရက်)မနက်မှာ နှစ်ရွာ ရှို့တယ်။ အဲဒီထဲက ကမ္ဘာတဲ (တောင်ရွာ) အိမ်ခြေ အကုန်နီးပါးလောက် ပါသွားတယ်။ အိမ်ခြေ ၄၀ ပါသွားတယ်။ လေးအိမ်လောက်ပဲ ကျန်တော့တယ်။ ဒီနေ့(ဩဂုတ် ၁၆ ရက်) မီးရှို့ခံရတာနဲ့ဆို အိမ်ခြေ ၁၀၀ ကျော်သွားပြီ။ လုယက်သွားပြီးတော့ မီးမရှို့ခဲ့တဲ့ ရွာတွေလည်း ရှိသေးတယ်။ ပျမ်းမျှ အိမ်ခြေ သုံးထောင်က ပြည်သူ့အိမ်တွေ လုယက်ခံရတယ်။ တစ်အိမ်မှ မကျန်ဘူး လုယက်ခံရတာက”
ကမ္ဘာတဲရွာ၊ ဒီးဒုတ်ကုန်းရွာ၊ သီးကုန်းရွာ၊ သုံးအိမ်ကုန်းရွာ၊ ချောင်းကြားရွာ၊ ကူလည်ရွာ၊ ကျောက်ခွက်ရွာ၊ စိတ္တိန်းရွာ နဲ့ လေးပင်ရွာ စတဲ့ ရွာတွေ မီးရှို့ခံရတယ်လို့ ဆိုပါတယ်။
စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် ပူးပေါင်းထားတဲ့ အင်အား ၄၀၀ ခန့်ရှိတဲ့ စစ်ကြောင်းက ကျောက်ပန်းတောင်းမြို့နယ် မြောက်ဘက်ခြမ်း၊ ပုပ္ပါးတောင်မကြီး တစ်ဝိုက်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာလို့ စစ်ရေးသတင်းရင်းမြစ်တွေကလည်း ပြောပါတယ်။
စစ်ကြောင်းထိုးနေတဲ့ လမ်းကြောင်းတလျှောက် ကျောက်ပန်းတောင်း - မြင်းခြံလမ်းပေါ်က ကျေးရွာတွေအပြင် ပုပ္ပါးမြောက်ဘက်၊ ပုဂံ၊ ညောင်ဦးနဲ့ ကျောက်ပန်းတောင်း၊ မိတ္ထီလာကြား မြောက်ဘက်မှာ ရှိတဲ့ ရွာတွေ စုစုပေါင်း ၃ဝလောက်က ဒေသခံတွေရဲ့ နေအိမ်တွေထဲက ပစ္စည်းတွေကို ယူသွားတာလို့ ဆိုပါတယ်။။
တန်ဖိုးကြီးပစ္စည်းတွေအပြင် အိမ်အဝင် သံတံခါးကအစ ဆိုင်ကယ်တွေ၊ ဆိုလာပြား၊ ရေခဲသေတ္တာ၊ ပဲနဲ့ နှမ်းတွေကိုပါ စစ်တပ်က သယ်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းမှာ ကျောက်ပန်းတောင်းနဲ့ မြင်းခြံအခြေစိုက် စစ်တပ်နဲ့ ရဲတွေ ပါဝင်သလို ပြည်သူ့စစ်တွေ ပါဝင်ပြီး အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သတ်ပြီး စစ်တပ်ခန့်အစိုးရက တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့ကတည်းက ကျောက်ပန်းတောင်းမြို့နယ်နဲ့ ပုပ္ပါးတောင်မကြီး တစ်ဝိုက်ကို စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ သောင်းနဲ့ချီ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
