၅၆ နှစ်မြောက် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် လမ်းလျှောက်ပွဲ

ဆန္ဒပြကျောင်းသားတွေ ဖြိုခွင်းခံရတဲ့ ၅၆ နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အနေနဲ့ တက္ကသိုလ် ၈ ခုက သမဂ္ဂအဖွဲ့ဝင် ကျောင်းသူ၊ ကျောင်းသား ၆ဝ ကျော်ဟာ ဒီနေ့ တံတားဖြူကန်ဘောင်ကနေ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအထိ လမ်းလျှောက်ချီတက်ခဲ့ကြပါတယ်။

ကျောင်းသားသမဂ္ဂတွေ စုပေါင်းပြီး ထုတ်ပြန်တဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုနန်းလင်းက အခုလို ပြောပါတယ်။

"အဓိက ကျနော်တို့ နိုင်ငံရေးအရ တောင်းဆိုတဲ့အချက်က ဘာလဲဆိုတော့ ဆဲဗင်း ဇူလိုင် အရေးတော်ပုံဟာ ၅၆ နှစ်ပြည့်သွားပြီဖြစ်တယ်။ သို့သော် ဆဲဗင်း ဇူလိုင်မှာ ကျဆုံးခဲ့တဲ့ ကျနော်တို့ရဲ့ နောင်တော် ကျောင်းသားအပေါင်း တွေ ဘယ်နှစ်ယောက် ကျဆုံးခဲ့တာလဲ။ ဒီသမဂ္ဂ အဆောက်အဦးကြီးကို ဗုံးခွဲဖို့ ဘယ်သူက အမိန့်ပေးခဲ့တာလဲ။ ဒီဆဲဗင်း ဇူလိုင်အရေးတော်ပုံကြီးမှာ ဘယ်သူတွေ ဘယ်လောက် ဘဝပျက်ခဲ့သလဲ။ အသက်တွေပေးခဲ့သလဲ ဆိုတာ ခုချိန်ထိ သမိုင်းမှတ်တမ်း အစိုးရဘက်က၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က ထုတ်ပြန်ခြင်း မရှိသေးဘူး၊ ဒီတစ်ချက်ပေါ့။ ၁၉၆၂ ခုနှစ်၊ ဆဲဗင်း ဇူလိုင် အရေးအခင်းဟာ ပထမဆုံး ဗိုလ်နေဝင်း အစိုးရရဲ့ သရုပ်မှန် ပေါ်ပေါက်ခဲ့တဲ့နေ့ဖြစ်တယ်။ ဒီအရေးတော်ပုံ ကျူးလွန်ခဲ့တဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေ အနေနဲ့ ကျောင်းသားထုကို တရားဝင် ပြန်လည်တောင်းပန်ဖို့ ကျနော်တို့ ဒီနေရာက တောင်းဆိုပါတယ်"

အဲဒီကြေညာချက်မှာ အဆင့်မြင့်ပညာဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့၊ ကျောင်းသားသမဂ္ဂတွေကို လွတ်လပ်စွာလှုပ်ရှားခွင့်အတွက် အာမခံတဲ့ ပဋိဉာဉ်တွေ ဖော်ဆောင်ပေးဖို့၊ ခေတ်အဆက်ဆက်မှာ ကျောင်းသူ၊ ကျောင်းသားတွေအပေါ် ရက်စက်စွာဖြိုခွင်းခဲ့သူတွေအနေနဲ့ ဝန်ချတောင်းပန်ဖို့နဲ့ ခေတ်အဆက်ဆက်လှုပ်ရှားခဲ့တဲ့ ကျောင်းသားသမိုင်းပြတိုက် တည်ဆောက်ပေးဖို့ ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒီနေ့လှုပ်ရှားမှုကို ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ဆေးတက္ကသိုလ်(၁)၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်၊ သန်လျှင်နည်းပညာတက္ကသိုလ်၊ မအူပင်တက္ကသိုလ်၊ ရန်ကုန် စီးပွားရေးတက္ကသိုလ်တွေက ကျောင်းသားသမဂ္ဂတွေ ပါဝင်ခဲ့ပါတယ်။

ကျောင်းသားသမဂ္ဂတွေဟာ ၂ဝ၁၂ ခုနှစ်က စတင်ပြီး ဇူလိုင်လ ၇ ရက်နေ့ရောက်တိုင်း အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်လာခဲ့တာဖြစ်ပါတယ်။

ဆဲဗင်းဂျူလိုင်အထိမ်းအမှတ် အခမ်းအနားတွေကို မြို့နယ်အတော်များများမှာ ကျင်းပကြတာဖြစ်ပါတယ်။