စစ်ကောင်စီ တပ်မ-၉၉ နည်းဗျူဟာမှူးကို AA ဖမ်းဆီး
2025.02.11

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ် အမ်း-ပဒါန်းလမ်းပေါ်က ကမြင်းကန် (ကံမြင့်ကန်) စခန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က ဦးဆောင်တိုက်ခိုက်ခဲ့တဲ့ အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ နည်းဗျူဟာ (၉၉၂) ရဲ့ ယာယီ နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်ကို အာရက္ခတပ်တော် (AA) က လက်နက်နဲ့တကွ ဖမ်းမိထားတယ်လို့ စစ်ရေးအခြေအနေကိုသိရှိတဲ့ ဒေသခံတွေက ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ပြောပါတယ်။
နယ်ခြားနေရာက စစ်ကောင်စီတပ်စခန်းတွေကနေ ဆုတ်ခွာသွားသူတွေကို AA က လိုက်လံတိုက်ခိုက်ချိန် ဖေဖော်ဝါရီလ ၃ ရက်နေ့က ဖမ်းမိခဲ့တာလို့ ဒေသခံက ပြောပါတယ်။
"သူ့ကို ဂုတ်စီးနားက လျှိုထဲမှာ ပုန်းနေတုန်းမိတာလို့ သိရတယ်။ သူနဲ့အတူတူ အင်အားနှစ်ဆယ် မိတယ်။ ဗိုလ် နှစ်ယောက် ပါတယ်။ လက်နက်ချတာမဟုတ်ဘူး။ လျှိုထဲမှာ ပုန်းနေတာကို AA စစ်ကြောင်းကတွေ့ပြီး အရှင်ဖမ်းလိုက်တာ"
နည်းဗျူဟာမှူးကို ဖမ်းဆီးရမိပြီးနောက် ပြင်းထန်တဲ့တိုက်ပွဲတွေ မရှိတော့ပေမဲ့ ဂုတ်စီးစခန်းဝန်းကျင်မှာ ပစ်ခတ်မှုတွေ ဖေဖော်ဝါရီလ ၁၁ ရက်နေ့အထိ ရှိနေတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ AA ပြောခွင့်ရသူ ဦးခိုင်သုခတို့ကို ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ်ဟာ မန္တလေးတိုင်း မိတ္ထီလာမြို့မှာ အခြေစိုက်တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ မြို့နယ်ရှိတဲ့အထဲက ၁၄ မြို့နယ်ကို AA က သိမ်းပိုက်ထားပြီး စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တွေမှာ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေသလို ရခိုင်ရိုးမပေါ်မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။