ပြည်သူအားလုံးကို ကျေးဇူး တင်ကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောကြား


2015.04.17
dassk-myanmar-new-year-305 ဧပြီလ ၁၇ ရက်နေ့က NLD အဖွဲ့ချုပ်ရုံးမှာ ဝါရင့်နိုင်ငံရေး သမားကြီးတွေနဲ့ NLD အဖွဲ့ချုပ်လူကြီးတွေကို ကန်တော့ပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
Photo: Thiha Tun , Sann Maw Aung/RFA

ပြည်သူတွေရဲ့ အားပေးထောက်ခံမှုကြောင့်သာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်တည်နိုင်တာဖြစ်တဲ့ အတွက် ပြည်သူပြည်သားအားလုံးကို ကျေးဇူး တင်ကြောင်း ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ကျရောက်တဲ့ ၁၃၇၇ ခုနှစ် မြန်မာနှစ်ဆန်း တစ်ရက်နေ့မှာ နှစ်သစ်ကူးဆုမွန်စကား ပြောကြား လိုက်ပါတယ်။

ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာကျင်းပတဲ့ ဝါရင့်နိုင်ငံရေးသမားကြီးတွေနဲ့ NLD အဖွဲ့ချုပ် လူကြီးတွေ ကို ကန်တော့ပွဲအခမ်းအနား မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။

"အားလုံးသိတဲ့အတိုင်းပဲ ကျမတို့ဟာ ချမ်းသာတဲ့ အဖွဲ့လည်းမဟုတ်ပါဘူး၊ ချောင်လည်တဲ့အဖွဲ့လည်း မဟုတ်ပါဘူး၊ အချိန်တိုင်းပဲ ရုန်းကန်ခဲ့ရပါတယ်၊ ဒါပေမဲ့ ဒီရုန်းကန်တဲ့နေရာမှာ ပြည်သူရဲ့ထောက် ခံမှု၊ ပြည်သူရဲ့ယုံကြည်မှုကို ကျမတို့ရနေလို့ ဒီလိုရပ်တည်နိုင်တာပါ၊ ဘယ်သူ့ကိုကျေးဇူးတင်ရမလဲ ဆိုတော့ ကျမတို့ပြည်သူတွေကို ကျေးဇူးတင်ရမှာပါ၊ အဲ့ဒီတော့ ကျမတို့ နှစ်ဆန်းတစ်ရက်နေ့မှာ ကျေးဇူး ရှင်တွေဖြစ်တဲ့ ပြည်သူ ပြည်သားတွေကို အာရုံပြုပြီးတော့ ကျမတို့ နိုင်ငံသူ နိုင်ငံသား ၊ ပြည်သူ ပြည်သားများ အားလုံးကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ ဘေးဘယာဝေးကွာကြပါစေ ၊ ကောင်းကျိုးလိုရာဆန္ဒအဝဝနဲ့ ပြည့်စုံကြပါစေလို့ အတူဆုတောင်းကြလို့ ကျမအနေနဲ့ မေတ္တာရပ်ခံ ပါတယ်"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးကလည်း နှစ်သစ်ကူးကန်တော့ရတဲ့ အကျိုးအားကြောင့် လောကီ အကျိုး၊ လောကုတ္တရာအကျိုး ဆောင်ရွက်နိုင်စေကြောင်း အဖွဲ့ဝင်တွေအတွက် ဆုတောင်းစကား ပြောကြား ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ပါတီနာယကဖြစ်သူ ဦးတင်ဦးလို အာဏာ၊ ရာထူးထည့်မတွက်ပဲ ကိုယ်ကျိုးစွန့် အနစ်နာခံမူတွေကို အားကျအတုယူစေလိုကြောင်း၊ အဲ့ဒီလို စိတ်ဓာတ်မျိုးကို မွေးမြူကြမှာသာ အဖွဲ့အစည်းအတွက်သာမက နိုင်ငံ့အကျိုးအတွက်ပါ သယ်ပိုးနိုင်မှာဖြစ်ကြောင်း ပြောခဲ့သလို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေအနေနဲ့ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ကိုယ်စားလှယ်ဖြစ်ချင်တဲ့ အကျင့်ရောဂါကိုထိန်းသိမ်းဖို့ လိုအပ်တယ်လို့လည်း သတိပေးပြောဆိုခဲ့ပါတယ်။

ဝါရင့်နိုင်ငံရေးသမားကြီးတွေနဲ့ NLD အဖွဲ့ချုပ်လူကြီးတွေကို ကန်တော့ပွဲအပြီးမှာ ဆရာတော် သံဃာတော်တွေက ပရိတ်တရားတွေ ဟောကြားခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။