အမ်းမြို့နယ်မှာ စစ်ဘေးဒုက္ခသည်တစ်ရာကျော်ကို စစ်ကောင်စီဖမ်းဆီး

RFA Burmese
2024.10.17
အမ်းမြို့နယ်မှာ စစ်ဘေးဒုက္ခသည်တစ်ရာကျော်ကို စစ်ကောင်စီဖမ်းဆီး အမ်းမြို့နယ်မှ စစ်ဘေးဒုက္ခသည်များကို ၂၀၂၀ ပြည့်နှစ်အတွင်းက တွေ့ရစဉ်။
Citizen Photo

[Update: 7: 55 PM, Oct 17, 2024]

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် အမ်းမြို့နယ်ကနေ အမ်း-ပဒါန်း ကားလမ်းအတိုင်း မကွေးတိုင်းဘက်ကို စစ်ဘေးတိမ်းရှောင်လာတဲ့ ဒေသခံတစ်ရာကျော်ကို အောက်တိုဘာ ၁၆ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမ်းဒေသခံတွေဟာ ပဒါန်း၊ မင်းဘူးနဲ့ မကွေးတိုင်းဘက်က တိုက်ပွဲမရှိတဲ့ နေရာဒေသတွေကို ကား ၁၅ စီးနဲ့ တိမ်းရှောင်ကြပြီး အမ်းမြို့နယ် ကျီးကန်းတောင်နဲ့ ခြောက်မိုင်ဂိတ်နေရာတွေမှာ ဖမ်းဆီးခံရတာလို့ အမ်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အမ်းမှာ အောက်တိုဘာ ၁၆ ရက်နေ့ကစလို့ ငါးရက်အတွင်း ထောက်ခံစာတွေမပါဘဲ တိမ်းရှောင်လို့ ရတယ်ဆိုပြီး သတင်းထွက်တယ်။ အဲဒါကြောင့် မြို့ကလူတွေက ပဒါန်းတို့ မင်းဘူးတို့ အဲဒီဘက်ကို စစ်ဘေးရှောင်ဖို့သွားကြတာပေါ့။ အဲဒီမှာ ကား ၁၅ စီးလုံး အဖမ်းခံရတာ။ ပထမ ငါးစီးကိုတော့ ကျီးကန်းတောင်နားမှာ ဖမ်းတယ်။ နောက်ဆယ်စီးကိုတော့ ခြောက်မိုင်ဂိတ်နားမှာ ဖမ်းတယ်”

ကားဆယ်စီးကိုတော့ ခြောက်မိုင်ဂိတ်နဲ့ ပဲပဒုံဂိတ်မှာ ထိန်းသိမ်းထားပြီး ကျန်တဲ့ ငါးစီးကိုတော့ ဘယ်နေရာကို ခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးဘူးလို့ အမ်းဒေသခံက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေနဲ့ ဒီနေ့အထိ အဆက်အသွယ်မရသေးဘူးလို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ အမ်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်ပြီး AA က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေသလို စစ်ကောင်စီ တပ်ကလည်း လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခနဲ့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

အမ်းမြို့နယ်မှာ စက်တင်ဘာလ ၂၆ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီရဲ့ အရေးပါတဲ့ မဲတောင်ဗျူဟာကို အောက်တိုဘာ ၇ ရက်နေ့မှာ AA က သိမ်းပိုက်ထားပါတယ်။

(မှတ်ချက်။ ။ ဖမ်းဆီးခံရသည် ကား ၁၅ စီးတွင် လိုက်လာပါသည့် လူအရေအတွက်နှင့် ပတ်သက်ပြီး ဒေသခံများ၏ ပြောဆိုချက်ကို ထပ်မံဖြည့်စွက်ရေးသားထားသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။