စစ်တွေမှာ ထောင်ဒဏ်ချမှတ်ခံရတဲ့ ဗျိုင်းဖြူရွာသား သုံးရာနီးပါး ရှိလာ

RFA Burmese
2024.09.07
စစ်တွေမှာ ထောင်ဒဏ်ချမှတ်ခံရတဲ့ ဗျိုင်းဖြူရွာသား သုံးရာနီးပါး ရှိလာ ရခိုင်ပြည်နယ်၊ စစ်တွေအကျဉ်းထောင်ကို ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ အာရက္ခတပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ဗျိုင်းဖြူရွာသား ၂၉၅ ဦးကို စစ်တွေထောင်တွင်းအထူးတရားရုံးကနေ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ - ၁၇ (၁) နဲ့ ထောင်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက စက်တင်ဘာလ ၇ ရက်နေ့မှာ RFA ကိုပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဗျိုင်းဖြူရွာသား ၂၉၉ ဦးထဲက ၁၅၁ ဦးကို စက်တင်ဘာလ ၆ ရက်နေ့မှာ တစ်ကြိမ်၊ ၁၄၄ ဦးကို ဩဂုတ်လ ၃၀ ရက်နေ့မှာ တစ်ကြိမ် ထောင်ဒဏ်တွေ ချမှတ်ခဲ့တာဖြစ်ပြီး ကျန်တဲ့ လေးဦးသာ ပြန်လည်လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ မေလအတွင်း ဗျိုင်းဖြူရွာကို ဝင်ရောက်စီးနင်းစဉ် ဖမ်းဆီးခံရတဲ့ ဒေသခံတွေကို ထောင်ဒဏ်တွေ ချမှတ်ခဲ့တာာဖြစ်ပြီး အဲဒီစီးနင်းမှုမှာ ဗျိုင်းဖြူရွာကို အလည်အပတ်ရောက်နေတဲ့ ဒေသခံမဟုတ်သူ လေးဦးကိုသာ ထောင်မချဘဲ ပြန်လွှတ်ပေးခဲ့တာလို့ စစ်တွေ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"၂၉၉ ယောက်ထဲက ၁၄၄ ယောက်က အမိန့်ချပြီးပြီလေ။ ကျန်တဲ့ ၁၅၅ ယောက်ကို မနေ့က အကုန်ချတာ။ လေးဖွဲ့ ခွဲချလိုက်တယ်။ အဲဒီထဲက ဗျိုင်းဖြူရွာက မဟုတ်တဲ့ လူလေးယောက် လွတ်တယ်"

ထောင်ဒဏ် ချမှတ်ခံရတဲ့ ဗျိုင်းဖြူရွာသား အားလုံးဟာ စျေးသည်တွေနဲ့ အလုပ်သမားတွေ ဖြစ်ကြပြီး အာရက္ခတပ်တော် (AA) နဲ့ ဆက်စပ်သူတွေ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။ ထောင်ဒဏ်ချမှတ်ခံရသူတွေဟာ ရာဇသတ်ကြီး ပုဒ်မ-၁၈၈ နဲ့လည်း ထောင်ဒဏ်ခြောက်လ ထပ်တိုးချမှတ်ခံရတယ်လို့ ပြောဆိုမှုတွေရှိပေမဲ့ RFA က သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုတာမရှိပါဘူး။

အိမ်ခြေတစ်ထောင်ကျော်ရှိတဲ့ ဗျိုင်းဖြူရွာကို မေလ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် လူတစ်ရာကျော် သတ်ဖြတ်ခံခဲ့ရသလို ရွာခံတွေလည်း ဖမ်းဆီးတရားစွဲဆိုခံရတာလို့ ဒေသခံတွေက ပြောပါတယ်။

ဗျိုင်းဖြူရွာ စီးနင်းခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ဒေသခံတွေကို ရွာထဲ ပြန်လည်နေထိုင်ခွင့်မပေးတာကြောင့် ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြပြီး နေရပ်မပြန်ရဲကြဘူးလို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။