ဘုရားသုံးဆူဒေသကနေ တရုတ်နိုင်ငံသားတွေ အမြန်ဆုံးထွက်ခွာဖို့ DKBA ပြော
2025.02.09
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်အတွင်း ကာစီနို လောင်းကစားရုံတွေနဲ့ စားသောက်ကုန်တွေမှာ လုပ်ကိုင်ကြတဲ့တရုတ်နိုင်ငံသားတွေအနေနဲ့ လာမဲ့ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာဖို့ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) အမှတ် (၂) နည်းဗျူဟာက ဖေဖော်ဝါရီ ၉ ရက်နေ့မှာ အမိန့်ထုတ်ပြန်ပါတယ်။
ဘုရားသုံးဆူမြို့နယ်အတွင်းမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သူတွေ အခြေချ လုပ်ကိုင်ခွင့် မရဖို့အတွက် အမိန့်ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဘုရားသုံးဆူမြို့နယ်အတွင်းကို တရုတ်နိုင်ငံသားတွေ ထပ်မံ မဝင်ရောက်နိုင်ဖို့ကိုလည်း ပိတ်ပင်တားဆီးသွားမယ်လို့ ဆိုပါတယ်။
ထိုင်း-မြန်မာနယ်စပ်က ငွေလိမ်လုပ်ငန်းတွေကြောင့် ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးနဲ့ စက်သုံးဆီတွေ ဖြတ်တောက်ခံထားရတာကြောင့် ဒေသခံတွေရဲ့ လူမှုအကျိုးစီးပွား ထိခိုက်နစ်နစ်နာမှု သက်သာစေဖို့နဲ့ လျှပ်စစ်မီးတွေ ပြန်ရဖို့အတွက်ကို ဆောင်ရွက်သွားမယ်လို့ DKBA က ဆိုပါတယ်။
နိုင်ငံတော် လုံခြုံရေးကို ခြိမ်းခြောက်လာတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းဖို့အတွက် ပြည်တွင်းမှာရှိတဲ့ ငါးနေရာကို ဖေဖော်ဝါရီ ၅ ရက်နေ့ကစပြီး ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီး၊ အင်တာနက်နဲ့ လောင်စာဆီ ဖြန့်ဝေနေတာတွေကို ဖြတ်တောက်ထားတာဖြစ်ပါတယ်။
ထိုင်းဘက်က ဖြတ်တောက်မှုတွေကြောင့် စက်သုံးဆီပြတ်လပ်မှု၊ လျှပ်စစ်မီးနဲ့ သောက်သုံးရေး ရရှိရေးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။