ရေဘေးကြောင့် သေဆုံးသူ ၃၈၄ ဦးအထိ ရှိလာကြောင်း စစ်ခေါင်းဆောင် ပြော

RFA Burmese
2024.09.21
ရေဘေးကြောင့် သေဆုံးသူ ၃၈၄ ဦးအထိ ရှိလာကြောင်း စစ်ခေါင်းဆောင် ပြော တာချီလိတ်တွင် မြေပြိုမှုကြောင့် သေဆုံးသူတချို့အား သင်္ဂြိုဟ်ပေးနေသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့က တွေ့ရစဉ်။
ဦးလှမိုး တာချီလိတ်လူမှုကူညီရေးအသင်း

ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးမြေပြိုမှုမှာ နိုင်ငံတစ်ဝန်း သေဆုံးသူ ၃၈၄ ဦးအထိ ရှိလာပြီး ပျောက်ဆုံးနေသူ ၈၉ ဦးရှိတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူး‌ကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

စက်တင်ဘာ ၂၁ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ရေဘေးအလှူငွေလက်ခံတဲ့ အခမ်းအနားမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီစာရင်းတွေအရ တိုင်းနဲ့ ပြည်နယ် ကိုးခု၊ မြို့နယ်ပေါင်း ၅၄ မြို့နယ်မှာ ရေကြီးရေလျှံခဲ့ပြီး နေပြည်တော်၊ ကရင်၊ ပဲခူး၊ မန္တလေး၊ ရှမ်း၊ ဧရာဝတီ စတဲ့တိုင်းနဲ့ပြည်နယ်တွေက လူပေါင်း ၃၈၄ ဦးသေဆုံးခဲ့ပါတယ်။ အဲဒီထဲမှာ နေပြည်တော်က သေဆုံးသူ ၁၆၄ ဦးနဲ့ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းမှာ သေဆုံးသူ ၁၃၄ ဦးနဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။

လူပေါင်း တစ်သိန်းခွဲနီးပါး (၁၄၈,၆၄၃) ရေဘေးဒဏ်ခံနေရပြီး ၈၉ ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် စပါးစိုက်ဧကပေါင်း ခုနစ်သိန်းကျော် ပျက်စီးခဲ့ပြီး ပျက်ဆီးသွားတဲ့ အဆောက်အဦပေါင်း နှစ်ထောင်ကျော် ရှိပါတယ်။

ရေဘေးကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် ဘီလီယံ သုံးဆယ်ကျော် သုံးစွဲဖို့ လျာထားတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။

စက်တင်ဘာ ၂ဝရက်နေ့ကထုတ်တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) စာရင်းအရ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေ အပါအဝင် လူ ကိုးသိန်းနီးပါး (၈၈၇,၀၀၀) ရေဘေးဒဏ်ခံနေရပါတယ်။ UNOCHA စာရင်းအရ သေဆုံးသူ သုံးရာကျော်နဲ့ ဒဏ်ရာရသူ တစ်ရာနီးပါး ရှိပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ရေဘေးသင့်ပြည်သူ သုံးသိန်းခန့်ရှိပြီး အသက်ဆုံးရှုံးရသူ ရာနဲ့ချီ ရှိတယ်လို့ စက်တင်ဘာ ၂ဝ ရက်နေ့က ပြောထားပါတယ်။

ဗီယက်နမ်မြောက်ပိုင်း၊ လာအို၊ ထိုင်း နဲ့ မြန်မာနိုင်ငံတွေကို ပြီးခဲ့တဲ့တစ်ပတ်ကျော်ကစပြီး ရာဂီမုန်တိုင်း ဖြတ်ကျော်ဝင်ရောက်ခဲ့တာကြောင့် နေရာအနှံ့မှာ ရေကြီးမြေပြိုခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။