တောင်ငူခရိုင်မှာ လူရှစ်သောင်းနီးပါး ရေဘေးလွတ်ရာ ရွှေ့ပြောင်း

RFA Burmese
2024.09.15
တောင်ငူခရိုင်မှာ လူရှစ်သောင်းနီးပါး ရေဘေးလွတ်ရာ ရွှေ့ပြောင်း ပဲခူးတိုင်း၊ တောင်ငူခရိုင်ရှိ ရေဘေးသင့်သူများအား ကယ်ဆယ်ရေးသမားများမှ ကူညီကယ်ဆယ်ပေးနေသည်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။
Facebook/ Myanmar Fire Services Department

ပဲခူးတိုင်း၊ တောင်ငူခရိုင်အတွင်းမှာ ရေကြီးရေလျှံဖြစ်နေပြီး လူပေါင်း ရှစ်သောင်းနီးပါးကို ဘေးလွတ်ရာနေရာတွေဆီ အရေးပေါ် ရွှေ့ပြောင်းထားရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေနဲ့ ဒေသခံတွေက စက်တင်ဘာလ ၁၅ ရက်နေ့မှာ ပြောပါတယ်။

တောင်ငူ၊ ရေတာရှည်၊ ထန်းတပင်နဲ့ အုတ်တွင်းမြို့နယ်တွေက ရေးဘေးသင့်သူတွေ ရွှေ့ပြောင်းနေရတာဖြစ်ပြီး ရေဘေးရှောင်စခန်း ၈၇ ခုကို ဖွင့်လှစ်ပေးထားတယ်လို့လည်း စစ်ကောင်စီရဲ့ တောင်ငူခရိုင် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံကွပ်ကွဲမှုအဖွဲ့က ပြောထားပါတယ်။

ရေဘေးလွတ်ရာ ရွှေ့ပြောင်းထားရသူတွေထဲမှာ တောင်ငူမြို့နယ်က လူသုံးသောင်းခြောက်ထောင်ကျော် (၃၆,၈၄၁ ဦး)၊ အုတ်တွင်းမြို့နယ်က နှစ်သောင်းကျော် (၂၀၇၆၄ ဦး)၊ ရေတာရှည်မြို့နယ်က တစ်သောင်းခြောက်ကျော် (၁၆,၈၁၂ ဦး)နဲ့ ထန်းတပင်မြို့နယ်က သုံးထောင်ကျော် (၃၃၅၅ ဦး) ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီတစ်ခေါက် ရေကြီးမှုမှာ အရင်ထက် ရေပမဏများပြားတာနဲ့ ရေစီးသန်တာကြောင့် ကူညီကယ်ဆယ်ရေးတွေကို ခက်ခက်ခဲခဲ လုပ်ဆောင်နေရတယ်လို့ တောင်ငူမြို့အခြေစိုက် လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီတစ်ခေါက် ရေတက်တာ တော်တော်များတယ်၊ လမ်းမတွေပေါ်အထိကို ရောက်တာ။ ရေများတော့ ကယ်ဆယ်ရေးတွေက တော်တော် ခက်ခက်ခဲခဲလုပ်ရတယ်။ ရေဘေးသင့်တဲ့သူ တော်တော်များများကတော့ ကယ်ဆယ်ရေးစခန်းတွေ ရောက်ကုန်ပြီ။ ဒီနေ့လည်း အနည်းစု ကျန်နေတဲ့သူတွေကို ဆက်ကယ်ထုတ်နေတယ်။ အရင်ရက်တွေလောက်တော့ မများတော့ဘူး။ ရေက တောင်ငူဘက်ကနေတော့ တဖြည်းဖြည်း ပြန်ကျလာပြီ။ အောက်ဘက်က ဖြူးတို့ဘက်မှာ ရေထပ်ကြီးနေတယ်”

ရေဘေးလွတ်ရာ ရွှေ့ပြောင်းထားရသူတွေအတွက် အဝတ်အထည်၊ စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ သူကပြောပါတယ်။

စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ စိုးရိမ်ရေမှတ်ထက် ခြောက်ပေခန့် ကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း တစ်ပေခွဲခန့် ရေပြန်ကျနိုင်ပေမဲ့ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိမယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက စက်တင်ဘာလ ၁၅ ရက်နေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

တောင်ငူခရိုင်ရဲ့ စစ်တောင်းမြစ်အောက်ပိုင်းဖြစ်တဲ့ ညောင်လေးပင်ခရိုင် မဒေါက်မြို့ အပါအဝင် စစ်တောင်းမြစ်ဘေးက ရွာတွေမှာလည်း ရေကြီးရေလျှံမှုတွေ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပဲခူးတိုင်းအပြင် ကရင်ပြည်နယ် ဘားအံမြို့မှာလည်း မြို့ပေါ်ရပ်ကွက်အားလုံးနဲ့ မြို့နဲ့ အနီးတစ်၀ိုက်က ရွာငါးရွာခန့်မှာ ရေကြီးရေလျှံမှုတွေ ကြုံနေရတာကြောင့် လူထောင်ချီ ဘေးလွတ်ရာနေရာတွေကို ရွှေ့ပြောင်းထားရတယ်လို့ ဘားအံမြို့မှာ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။