နိုင်ငံတစ်ဝန်းမှာ ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူ ၁၆၀ ထက်မနည်းရှိလာ
2024.09.12
[Update: 7: 25 PM, Sep 13, 2024]
ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးများပြီး တိုင်းနဲ့ ပြည်နယ်လေးခုက မြို့နယ်ရှစ်ခုမှာ စက်တင်ဘာလ ၁၃ ရက် ညနေ ၅ နာရီခွဲအထိ ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးရသူ ၁၆၀ ထက်မနည်းရှိလာတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
လူမှုကူညီရေး အသင်းအဖွဲ့တွေနဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သေဆုံးသူတွေဟာ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာ ၁၇ ဦး၊ ပုသိမ်ကြီးမြို့နယ်မှာ တစ်ဦး၊ နေပြည်တော်မှာ ၁၉ ဦး၊ ရှမ်းပြည်နယ် မိုင်းကိုင် မြို့နယ်မှာ တစ်ဦး၊ တာချီလိတ် မြို့မှာ နှစ်ဦး၊ ဖယ်ခုံမြို့နယ်မှာ အရပ်သား ခြောက်ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၈ ဦး၊ ကလောမြို့နယ်မှာ တစ်ရာဝန်းကျင် စုစုပေါင်း ၁၆၀ ထက်မနည်းရှိနေတာပါ။
"သေစာရင်းက အတိအကျတော့ မရသေးဘူး၊ တစ်ရာကျော်သွားပြီလို့ ပြောလို့ရတယ်"
နေပြည်တော်မှာ ဒီနေ့အထိ ကယ်ဆယ်ရမဲ့ဒေသခံတွေ ရှိနေသေးပေမဲ့ ရေများနေသေးတာကြောင့် ကူညီရေးအပိုင်းမှာ အခက်ခဲတွေ ဖြစ်နေတယ်လို့ ပျဉ်းမနားမြို့နယ်မှာ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
“ ချောင်းနားနီးတဲ့ရွာတွေ၊ မြို့နဲ့အလှမ်းဝေးတဲ့ ရွာတွေဘက်ကိုတော့ ကျွန်တော်တို့ အခုသွားနေတာ။ တချို့နေရာကျတော့ ရေစီးအရမ်းကြမ်းတော့ လှေနဲ့ သွားဖို့ အဆင်မပြေတဲ့ ရွာတွေလည်းရှိတယ်။ ချောင်းဟိုဘက်ကမ်းက ချောင်းကခြားနေတာ မြေပြင်မှာတောင် လေးငါးဆယ် ပေတက်တာဆိုတော့ ချောင်းကို မမြင်ရတော့တာ။ ချောင်းပါပျောက်ပြီး တံတားတွေပါပျောက်ပြီး ရေကတအားကြီးနေတာဆိုတော့ ရေစီးက တအားသန်တယ်။ လှေတောင်တိုးလို့မရဘူး ပြောရရင်တော့။ အဲလို ဟိုဘက်ကရွာကတော့ နည်းနည်းသည်းခံနေရတာပေါ့။ တချို့ဆို နှစ်ရက်၊ သုံးရက် ထမင်းမစားရတာတွေရှိတယ်။ တချို့ကျတော့ ဖုန်းအဆက်သွယ်ရတဲ့သူတွေက ပြောကြတယ်။ လာကြပါဦး၊ ကယ်ကြပါဦး အိမ်ခေါင်မိုးပေါ်မှာတို့။ လက်ရှိကတော့ အဲဘက်ကို ရောက်နိုင်အောင်လို့ ကြိုးစားနေတယ်။ လောလောဆယ်ကတော့ ကျွန်တော်တို့ အဲဘက်အထိတော့ မရောက်သေးဘူး"
နေပြည်တော် တပ်ကုန်း၊ လယ်ဝေးနဲ့ ပျဉ်းမနားမြို့နယ်မှာ ရေအနည်းငယ်ပြန်ကျသွားပေမဲ့ မြစ်၊ ချောင်းနဲ့နီးတဲ့ ရွာတွေမှာ ကယ်ဆယ်ရေးအကူညီ လိုအပ်နေသူတွေ ရှိနေသေးတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
ဆက်နွှယ်သော သတင်းများ
ကရင်နဲ့ ကယားက စစ်ဘေးဒုက္ခသည်တွေရဲ့ နေအိမ် ရှစ်ဆယ်ကျော် ရေထဲမျောပါ
နေပြည်တော်နဲ့ မြဝတီမြို့အပါအဝင် ရေဘေးသင့်ဒေသတွေမှာ အရေးပေါ်ကယ်ဆယ်ရေး လိုအပ်နေ
ရာဂီမုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွင်းနိုင်ငံတွေကို အမေရိကန် ကူညီမည်
မန္တလေးတိုင်း ရမည်းသင်းမြို့နယ်ထဲက ကျေးရွာတချို့မှာလည်း ရေဘေးကြုံနေရတဲ့ ဒေသခံတွေ စားနပ်ရိက္ခာ အကူညီမရတာကြောင့် အခက်ခဲဖြစ်နေတယ်လို့ ရမည်းသင်း ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ အကုန်လုံးက ဘုန်းကြီးကျောင်းမှာ နေတဲ့သူက နေတယ်။ စာသင်ကျောင်းမှာ နေတဲ့သူက နေတယ်။ သူတို့ အိမ်တွေနား ကုန်းမြင့်တွေမှာ နေတဲ့သူက နေတယ်။ လွတ်တဲ့သူတွေ ရှောင်နေတဲ့သူတွေ စားဖို့သောက်ဖို့ စားနပ်ရိက္ခာရယ်၊ နောက်ပြီးတော့ ဒဏ်ရာရထားတဲ့သူတွေကို ကုဖို့အတွက် ဆေးဝါးတွေလိုတယ်။ အဲဒါတွေရယ် အဝတ်အစားတွေလိုမျိုးပေါ့ "
ရေကြီး၊ မြေပြိုမှုကြောင့် သေဆုံးရတာရှိသလို စစ်ဘေးဒုက္ခသည်စခန်း ရေနစ်မြုပ်ခဲ့ပြီး ဒုက္ခသည်တွေ အခက်အခဲ ကြုံနေရတယ်လို့လည်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ကိုဗညား က RFA ကို ပြောပါတယ်။
"လောလောဆယ် စစ်ရှောင်စခန်း လေးငါးခု မြုပ်သွားတဲ့ဟာကတော့ အခုလောလောဆယ် အမြင့်ပိုင်းကို ရွှေ့တာရှိသလို တချို့ကတော့ ပြန်နေလို့ရတဲ့ ရွာထဲကို ခဏပေါ့နော်။ ယာယီရွှေ့သွားတာ တွေ့ရတယ်။ စစ်ရှောင်တွေ ဒီးမော့ဆို အရှေ့ဘက်ခြမ်းက အများစုပေါ့။ တချို့စစ်ရှောင်စခန်းကလူတွေက ကိုယ့်ရွာမှာ ကိုယ်ပြန်နေရတယ်။ တချို့ စစ်ရှောင်နေတဲ့သူတွေက စစ်ကောင်စီနဲ့ တအားနီးတဲ့ရွာတွေ အဲဒါကြောင့် ပြန်နေလို့မရဘဲ မိုင်းအန္တရာယ်ရှိတဲ့ ရွာတွေလည်း အများကြီးရှိတော့ နည်းနည်းတော့ ခက်ခဲမှုရှိပါတယ်။ လောလောဆယ် လွတ်တဲ့နေရာမှာ ခဏရှောင်ထားတဲ့ ပုံစံမျိုးတော့ရှိပါတယ်"
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့မှာတော့ ရေကြီးပြီး မြေပြိုတာတွေကြောင့် သေဆုံးသူ တစ်ရာဝန်းကျင်အထိ ရှိနေတယ်လို့ မြို့ခံလုပ်ငန်းရှင်တွေနဲ့ ရေဘေးကူညီပေးနေသူတွေက RFA ကို ဒီနေ့ ညနေပိုင်းမှာ ပြောပါတယ်။
မနေ့ကညအထိ သေဆုံးသူ ခြောက်ဆယ်ကျော်နဲ့ ပျောက်ဆုံးသူ တစ်ရာနီးပါးရှိခဲ့ရာကနေ အခု ကယ်ဆယ်ရေးအဖွဲ့တွေ လိုက်ရှာရင်း ရုပ်အလောင်းတွေ ထပ်တွေ့တာကြောင့် သေဆုံးသူ တစ်ရာဝန်းကျင်အထိ ရှိနေတာလို့ အမည်မဖော်လိုတဲ့ မြို့ခံ လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"သေစာရင်းက အတိအကျတော့ မရသေးဘူး၊ တစ်ရာကျော်သွားပြီလို့ ပြောလို့ရတယ်။ အတိအကျပြောနိုင်ဖို့ ဆေးရုံကပဲ သိလိမ့်မယ်။ အခုထိ ပျောက်တဲ့သူတွေရှာရင်း သေဆုံးသူတွေက တွေ့တွေ့နေရတာ၊ ကူညီရေးကလည်း ကလောမြို့ခံတွေကလွဲပြီ ဘယ်အဖွဲ့ကမှ မလာကြဘူး။ ခရီးမရောက်လို့ အခုလို သေဆုံးတဲ့သူတွေ များများလာတာ၊ တစ်နှစ်မှ ရေဒီလောက်မကြီးဘူးတော့ အခုဆိုအိမ်တွေအလုံးလိုက်၊မိသားစုလိုက်ကို ရေထဲမျောပါသွားတာ၊ ပျောက်တဲ့သူတွေလည်း အများကြီးကျန်သေးတယ်"
ရေဘေးကိုရှောင်ဖို့ ငြင်းကြတဲ့သူတွေ များတာကြောင့် အခုလောက် သေဆုံးခဲ့ရတာဖြစ်တယ်လို့ လည်းသူက ပြောပါတယ်။
ကလောမြို့ လင်းသစ္စာဆေးရုံလည်း ဆေးရုံနှစ်ထပ်လောက်အထိ ရေမြုပ်နေတယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်း တောင်ငူမြို့မှာလည်း ဒီနေ့ကစပြီး ရေကြီးလာတာကြောင့် ရွာပေါင်းသုံးဆယ်ကျော် ရေဘေးကြုံနေရသလို ကရင်ပြည်နယ် ဘားအံမြို့မှာလည်း ဒီနေ့မနက်ပိုင်းကစပြီး သံလွင်မြစ်ရေ မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေဘေးကြောင့် ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးသလို ကူညီကယ်ဆယ်ရေး အခြေအနေအပေါ်သိရဖို့ စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါ်ခင်မေနုကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမဲ့ အစည်းဝေးရှိနေတာကြေင့် လတ်တလော မဖြေဆိုနိုင်သေးဘူးလို့သာ တုံ့ပြန်ခဲ့ပါတယ်။
အလားတူ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ရာမှာလည်း ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီရဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ နိုင်ငံတစ်ဝန်းမှာ ရေကြီးရေလျှံမှုကြောင့် မြို့နယ်ပေါင်း ၃၄ မြို့နယ်က အိမ်ထောင်စု ခြောက်သောင်းနီးပါး (၅၉၄၁၃) နဲ့ လူဦးရေ နှစ်သိန်းလေးသောင်းနီးပါး (၂၃၆၆၄၉) ကို ကူညီကယ်ဆယ်ရေးစခန်း ၁၈၇ ခုကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဒီနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ နိုင်ငံတစ်ဝန်း ရေဘေးကြောင့် အသက်ဆုံးရှုံးရသူ ၃၃ ဦးအထိ ရှိနေပြီး ကူညီကယ်ဆယ်ရေးတွေ အမြန်ဆုံးရရှိအောင် ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်ကတော့ ပုံမှန်ထက် ဆယ်ဆခန့် မိုးများခဲ့တာကြောင့် အခုလို သေဆုံးမှုများခဲ့တာလို့ RFA ကို ပြောပါတယ်။
“ မိုးအရမ်း များတာပေါ့။ မိုးရေက ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း အခုအလယ်ပိုင်းပေါ့။ အလယ်ပိုင်းမှာ နေပြည်တော် တပ်ကုန်း၊ ရမည်းသင်း အဲနေရာတွေမှာ မိုးရေချိန် တအားကိုများသွားတယ်။ တအားများသွားတဲ့အတွက်လည်း ရုတ်တရက် တက်လာတဲ့ရေ။ ကြိုတင်ပြီးတော့ သတိပေးချက်တွေ ထုတ်ပေးထားတယ်။ ကျွန်တော်ဆိုရင်လည်း တင်ပေးထားတယ်။ ဒါပေမဲ့ အဲဒီဟာကို မဖြစ်လောက်ပါဘူးဆိုတဲ့ သဘောနဲ့ပဲ နေနေကြတာ ဖြစ်ဖို့များတယ်။ အဲဒါကြောင့်လည်း ဒီလောက်အထိ ရှောင်ချိန်တိမ်းချိန်တောင် မရတော့ဘဲနဲ့ အသေအပျောက်များတယ် "
လက်ရှိအချိန်အထိ နိုင်ငံတစ်ဝန်းမှာ ရေးဘေးကြုံနေရသူ နှစ်သိန်းခန့်ရှိနိုင်တယ်လို့လည်း ကူညီကယ်ဆယ်ပေးနေသူတွေက ခန့်မှန်းကြပါတယ်။
နိုင်ငံတစ်ဝန်းမှာ ရေဘေးကြောင့် ပျောက်ဆုံးနေသူတွေလည်း အများအပြားရှိနေတာကြောင့် သေဆုံးသူ အရေအတွက် ထပ်တိုးလာနိုင်တယ်လို့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်း နိုင်ငံတစ်ဝန်းမှာ ရေကြီးရေလျှံမှုကြောင့် လူဦးရေ လေးသိန်းနီးပါး (၃၉၃,၀၀၀ ခန့်) ရေဘေးသင့်ခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဩဂုတ်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
(မှတ်ချက် - ဤသတင်းတွင် ယနေ့ည ၇ နာရီ ၅၀ အထိ ရရှိသော စစ်ကောင်စီထုတ်ပြန်ချက်၊ သေဆုံးသူ အရေအတွက်နှင့် ပျဉ်းမနားမြို့နယ်က ကူညီကယ်ဆယ်ရေး ဆောင်ရွက်သူ၊ ရမည်းသင်း ဒေသခံတစ်ဦး၊ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ကိုဗညား၊ မြို့ခံ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦး၊ မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်တို့၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက်ထားပါသည်။)