နိုင်ငံလေးခုက အထောက်အထားမဲ့ အလုပ်သမားတွေနဲ့ ကလေးတွေကို တရားဝင်နေခွင့်ပြုဖို့ ထိုင်းအစိုးရဆုံးဖြတ်
2024.09.28
မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေက အထောက်အထားမဲ့ အလုပ်သမားတွေနဲ့ ကလေးတွေကို ထိုင်းအစိုးရက တရားဝင်နေထိုင်ခွင့်ပေးသွားမယ်လို့ ထိုင်း The Nation သတင်းက မနေ့က ဖော်ပြပါတယ်။
စက်တင်ဘာ ၂၄ ရက်က ထိုင်းအစိုးရအဖွဲ့ ဝန်ကြီးများအစည်းအဝေးမှာ နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲရေးကော်မတီရဲ့ တောင်းဆိုချက်တွေအရ သဘောတူလိုက်တာလို့ သတင်းက ဆိုပါတယ်။
အဲဒီလေးနိုင်ငံက အထောက်အထားမဲ့ အလုပ်သမားတွေကို အလုပ်သမားသစ်အဖြစ် မှတ်ပုံတင်ပေးပြီး သူတို့ရဲ့ အသက် ၁၈ နှစ်အောက် ကလေးတွေကို ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်ခွင့်ပြုမှာ ဖြစ်ပါတယ်။
၂၀၂၅ ဖေဖော်ဝါရီ ၁၃ ရက်မှာ အလုပ်လုပ်ခွင့်သက်တမ်းကုန်မယ့် MOU လုပ်သားတွေကို နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် နှစ်နှစ်ကနေ လေးနှစ်အထိ တိုးပေးသွားမှာလည်း ဖြစ်ပါတယ်။
မှတ်ပုံတင်အသစ်ရဲ့ ကုန်ကျစရိတ်အသေးစိတ်နဲ့ မှတ်ပုံတင်တဲ့လုပ်ငန်းစဉ်တွေကို ထိုင်းဘုရင့်နန်းတော်ရဲ့ ခွင့်ပြုချက်ရပြီးနောက် အာဏာပိုင်တွေဘက်က ထုတ်ပြန်မှသာ သိရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ထိုင်းအစိုးရရဲ့ တရားမဝင် အလုပ်သမားတွေဖမ်းဆီးရေး ရက် ၁၂၀ စီမံချက်မှာ ဇွန်လ ၅ ရက်ကနေ စက်တင်ဘာ ၁၉ ရက်အထိ တရားမဝင် ရွှေ့ပြောင်းလုပ်သား နှစ်သိန်းခွဲကျော် (၂၅၆,၂၁၃ ဦး) ကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ သတင်းက ဖော်ပြပါတယ်။
အဲထဲမှာ မြန်မာအလုပ်သမား တစ်သိန်းကိုးသောင်းကျော် (၁၉၃,၄၃၀ ဦး)နဲ့ အများဆုံး အဖမ်းခံထားရပြီး ကမ္ဘောဒီးယား လေးသောင်းနီးပါး (၃၉,၇၃၆ ဦး)၊ လာအို တစ်သောင်းခွဲကျော် (၁၅,၂၈၁ ဦး)၊ ဗီယက်နမ် ၁၆၂ ယောက်နဲ့ တခြားနိုင်ငံအလုပ်သမား ခုနစ်ထောင်ကျော် (၇,၆၀၄ ဦး) တို့ ပါဝင်ပါတယ်။