“၀”ဒေသမှာ စက်သုံးဆီပြတ်လပ်မဲ့ သတင်းကြောင့် အလုအယက်ဝယ်ယူနေရကြောင်း ဒေသခံတွေပြော

RFA Burmese
2024.10.24
“၀”ဒေသမှာ စက်သုံးဆီပြတ်လပ်မဲ့ သတင်းကြောင့် အလုအယက်ဝယ်ယူနေရကြောင်း ဒေသခံတွေပြော စက်သုံးဆီဝယ်ယူနေသည့် ဟိုပန်ဒေသခံတွေအား၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့ တွေ့ရစဉ်။
Citizen Photo

တရုတ်-မြန်မာနယ်စပ်ဂိတ်တွေကနေ စက်သုံးဆီနဲ့ ကုန်ပစ္စည်းတချို့ သယ်ဆောင်ခွင့်ကို တရုတ်နိုင်ငံဘက်က ပိတ်လိုက်ပြီးတဲ့နောက် UWSA “၀”တပ်ဖွဲ့ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုပန်မြို့နဲ့ နမ့်တစ်မြို့တွေမှာ စစ်သုံးဆီပြတ်လပ်တော့မယ်ဆိုတဲ့ သတင်းကြောင့် အလုအယက် ဝယ်ယူနေကြတယ်လို့ ဒေသခံတွေက အောက်တိုဘာလ ၂၄ ရက်နေ့မှာ ပြောပါတယ်။

ဟိုပန်မြို့က စက်သုံးဆီဆိုင်တချို့မှာ စက်သုံးဆီပြတ်လပ်မှုတွေရှိနေပြီး ဆီလက်ကျန်ရှိနေသေးတဲ့ အရောင်းဆိုင်တွေမှာလည်း လူတွေတန်းစီတိုးပြီး ဝယ်ယူနေကြတယ်လို့ ဟိုပန်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဟိုပန် ဖောင်ဆိပ်တံတားနားက ဆီဆိုင်မှာဆိုရင် ဆီကမရတော့ဘူး။ တခြားဆိုင်တွေလည်း ဆီကပြတ်တော့မှာဆိုပြီး အခုလူတွေက အလုအယက်ဝယ်နေတာ။ နမ့်တစ်မြို့ထဲမှာလည်း ဆီဆိုင်တွေမှာ လူတွေတန်းစီနေတာပဲ။ ဆီဝယ်ဖို့ စောင့်နေကြတာ”

တစ်လီတာကို ခြောက်ယွမ်ကျော် စျေးပေါက်နေတဲ့ ဓါတ်ဆီဈေးဟာ ဒီနေ့မှာ တစ်လီတာကို ရှစ်ယွမ် (မြန်မာငွေ ငါးထောင်နီးပါး) ဈေးအထိ မြင့်တက်သွားတယ်လို့ သူက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ကာလအတွင်းမှာ ရှမ်းပြည်နယ် မြောက်ပိုင်းကို စားသောက်ကုန်၊ ဆေးဝါး၊ စက်သုံးဆီ သယ်ယူခွင့် စစ်ကောင်စီက ကန့်သတ်ထားတာကြောင့် တရုတ်နယ်စပ်နဲ့နီးတဲ့ ဟိုပန်၊ နမ့်တစ် မြို့တွေဟာ တရုတ်နိုင်ငံဘက်ကလာတဲ့ စက်သုံးဆီအပါအဝင် ကုန်ပစ္စည်းတွေကို အဓိက အားထားနေရတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက "၀" ဒေသနဲ့ ဆက်နေတဲ့ နမ့်တစ်-မန်ခါး နယ်စပ်ဂိတ်ကို တရုတ်နိုင်ငံက ပိတ်ထားသလို အောက်တိုဘာလ ၂၂ ရက်နေ့မှာလည်း  နယ်စပ်ဂိတ်တွေကနေ လျှပ်စစ်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်း၊ စက်သုံးဆီ သယ်ဆောင်ခွင့်ကို တရုတ်နိုင်ငံဘက်က ထပ်မံကန့်သတ်ထားတာပါ။

နယ်စပ်ဂိတ်တွေကနေ ကုန်ပစ္စည်း တင်ပို့မှုကန့်သတ်လိုက်တာနဲ့ ပတ်သက်ပြီး ရန်ကုန်မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အောက်တိုဘာလ ၂၃ ရက်နေ့မှာ  အီးမေလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းပြန်လာတာ မရှိသေးပါဘူး။

တရုတ်နိုင်ငံဘက်က အခုလို ကန့်သတ်မှုတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စားသောက်ကုန်၊ ဆေးဝါးနဲ့ စက်သုံးဆီ ပြတ်လပ်မှုတွေ အရင်ထက် ပိုဆိုးလာနိုင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။