ကချင်နဲ့ စစ်ကိုင်းမှာ ဖွင့်ပေးထားတဲ့အင်တာနက်လိုင်းတွေ ပြန်ပိတ်

RFA Burmese
2023.01.06
ကချင်နဲ့ စစ်ကိုင်းမှာ ဖွင့်ပေးထားတဲ့အင်တာနက်လိုင်းတွေ ပြန်ပိတ် မိုဘိုင်းဖုန်း အသုံးပြုနေသူတစ်ဦးအား တွေ့ရစဉ်။
Photo: RFA

အင်တာနက်လိုင်းတွေ တစ်နှစ်ကျော်ထိပိတ်ထားတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမြို့နယ်တွေမှာ စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့က အင်တာနက်လိုင်းတွေကို ပြန်ဖွင့်ပေးခဲ့ပေမယ့် တစ်ရက်အကြာမှာပဲ ပြန်ပိတ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့ကစပြီး ပြန်ဖွင့်ပေးခဲ့တဲ့ Atom အင်တာနက်လိုင်းကို ဇန်နဝါရီ ၄ ရက်နေ့ ညကပဲ ပြန်လည်ပိတ်ခဲ့တာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖားကန့်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"တော်တော်များများက လိုင်းရပြီဆိုတော့ Atom ဖုန်းအင်တာနက်တွေ ဝယ်သုံးကြတယ်။ တစ်ကတ်ကို ၆၀၀၀ အထိ ပေးရတယ်။ ဖုန်းကတ်တွေ ပြတ်တောက်သွားတဲ့အထိ ဝယ်သုံးကြတာ။ အခုတော့ ပြန်ဖြတ်တောက်ပေးလိုက်ပြီ။ အရင်ကလည်း အခုလို လုပ်ဖူးတာတွေရှိတယ်"

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီက ၂၀၂၁ သြဂုတ် ၂၀ ရက်နေ့ကစပြီး အင်တာနက်လိုင်းတွေ ဖြတ်တောက်ခဲ့တာဖြစ်ပြီး အင်တာနက် အသုံးပြုလိုသူများအနေနဲ့ အင်တာနက်ဆိုင်တွေမှာ တစ်နာရီကျပ် ငါးထောင်ကျပ်ကနေ တစ်သောင်းကျပ် အထိပေးပြီး သုံးခဲ့ရတာဖြစ်တယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ နှစ်ဆန်းပိုင်းကစပြီး အင်တာနက်လိုင်းတွေ ဖြတ်တောက်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ အထက်ပိုင်းမြို့တွေမှာလည်း ဇန်နဝါရီလ ၃ ရက်နေ့က အင်တာနက်ပြန်ဖွင့်ပေးခဲ့ပေမယ့် အခု ပြန်လည်ဖြတ်တောက်လိုက်ပြီလို့ ကန့်ဘလူမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။
 
"အင်တာနက်လိုင်းက မနေ့က မနက်ကတည်းက ပြန်မရတော့တာ။ စစ်ကောင်စီက သူတို့ထင်ရာ လျှောက်လုပ်နေတာပေါ့။ သူတို့ ဖွင့်ချင်ရင်ဖွင့်၊ ပိတ်ချင်ရင်ပိတ်။ ဆက်သွယ်ရေးဥပဒေက သူတို့လည်း လေးစားလိုက်နာတာတွေမရှိ၊ အကုန်လုံးက ပရမ်းပတာလုပ်နေကြတော့ ဘာကြောင့် ပြန်ပိတ်သွားတယ်ဆိုတာကိုလည်း မပြောတတ်ဘူး"

ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေကတော့ သူတို့အနေနဲ့ ဒီဒေသတွေမှာ အင်တာနက် လိုင်းတွေ ဖွင့်တာလည်း မသိသလို ပိတ်တာကိုလည်း မသိကြောင်း RFA ကို ပြောပါတယ်။

အခုလို အင်တာနက်လိုင်းတွေ အပိတ်ခံထားရတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းက မြို့တွေနဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့တွေက ပြည်သူတွေမှာ ဆက်သွယ်ရေးဆိုင်ရာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်တွေနဲ့ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာ အင်တာနက်လိုင်း ဖြတ်တောက်မှုတွေ ပြုလုပ်ထားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။