ကလေးမြို့နယ်က ဒုက္ခသည်စခန်း လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၁၁ ဦး ရှိလာ

RFA Burmese
2025.02.03
ကလေးမြို့နယ်က ဒုက္ခသည်စခန်း လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၁၁ ဦး ရှိလာ ကလေးမြို့နယ် ကုက္ကိုလ်ရွာအတွင်းမှ စစ်ဘေးဒုက္ခသည်စခန်းအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့က ဗုံးကြဲခံရပြီးနောက် တွေ့ရစဉ်။
Citizen Photo

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ကုက္ကိုရွာမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းကို ဇန်နဝါရီ ၃၁ ရက်နေ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုမှာ သေဆုံးသူ ၁၁ ဦး ထိရှိလာတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတွေက ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်မပြည့်သေးတဲ့ ကလေးသူငယ်နဲ့ အမျိုးသား၊ အမျိုးသမီး ၁၁ ဦး သေဆုံးကာ၊ ၁၅ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။

"စကြဲခံရတဲ့နေ့ကတော့ ရုပ်အလောင်းရှစ်လောင်း ရတယ်။ ၁ ရက်နဲ့ ၂ ရက်မှာကျတော့ မြေနဲ့ဖုံးနေတာတို့ ပြီးရင် နေအိမ်တွေ ပိနေတာတို့ကို ဖော်လိုက်တော့ သုံးလောင်း ထပ်တွေ့ပါတယ်။ ဒီနေ့အထိ ခန္ဓာကိုယ်အစိတ်အပိုင်း အပြည့်အစုံက ရှစ်ဦး၊ မပြည့်မစုံက သုံးဦး စုစုပေါင်း ၁၁ ဦးရထားပါတယ်"

သေဆုံးသူတွေ အထဲမှာတော့ အသက်မပြည့်သေးတဲ့ ကလေးငယ် လေးဦး၊ ကိုယ်ဝန်ဆောင် တစ်ဦး၊ ကလေးမိခင် သုံးဦးနဲ့ အမျိုးသမီးကြီး တစ်ဦးတို့ကိုသာ ကနဦး သိရသေးပြီး ဒဏ်ရာရသူ ၁၅ ဦးထဲမှာတော့ အမျိုးသား ရှစ်ဦးနဲ့ အမျိုးသမီး ခုနစ်ဦး ပါဝင်တယ်လို့ သူက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ကလေးမြို့နယ် ကျောက်ဆည်ရွာနဲ့ အင်းကျွန်းကျေးရွာတွေကနေ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် လေးရာကျော်ဟာ ကုက္ကိုရွာအတွင်းက စာသင်ကျောင်းကို ဒုက္ခသည် စခန်းအဖြစ် ခိုလှုံနေထိုင်နေကြတာ ဖြစ်ပါတယ်။

အဲဒီဒုက္ခသည်စခန်းမှာရှိနေတဲ့ နေအိမ်တွေအပေါ်ကို စစ်ကောင်စီတပ်က ပေါင်ငါးရာ ဗုံးနှစ်လုံး ကြဲချခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှု ပိုများသွားတာလို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ မထုတ်ပြန်သေးသလို စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ မဖြေဆိုပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း ကလေးမြို့နယ် တင်သားရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒဏ်ရာရသူ နှစ်ဦးထဲက တစ်ဦး ညပိုင်းမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA ရဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၁,၇၆၉ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၃,၇၂၀ ဦး ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။