NUG ထိန်းချုပ်တဲ့မြို့တွေ ဗုံးကြဲတိုက်ခိုက်ခံရပြီး ငါးဦး သေဆုံး
2025.01.17

Updated 5:40 PM Jan 17, 2025
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ မော်လူးမြို့၊ ခါမ်းပါတ်မြို့နဲ့ ကနန်ရွာမှာ ဇန်နဝါရီလ ၁၆ ရက်က စစ်ကောင်စီတပ်ရဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား လေးဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ဇန်နဝါရီလ ၁၇ ရက်နေ့ ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက NUG အစိုးရရုံးတွေ စစ်ကိုင်းတိုင်းထဲမှာ အခြေချရုံးစိုက်မယ်လို့ ပြောဆိုပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်လာတာလည်း ဖြစ်ပါတယ်။
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်မြို့နယ်၊ မော်လူးမြို့ကို ဇန်နဝါရီလ ၁၆ ရက်နေ့ ညမှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် မြို့အဝင်နဲ့ စည်ပင်ရုံးအနီး ဗုံးကျရောက်ပေါက်ကွဲပြီး အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး တစ်ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။
စည်ပင်ရုံးအဆောက်အအုံနဲ့ မြမာလာရပ်ကွက်က အိမ်တချို့လည်း ပျက်စီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မော်လူးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"သေဆုံးသူတွေက ဘယ်ကလဲဆိုတာ အသေးစိတ်မသိရသေးပါဘူး။ အဲဒီအထဲ ညအိပ်နားတဲ့ ခရီးသွားကားထဲက ခရီးသည်တစ်ဦးလည်း ပါတယ်လို့ သိရပါတယ်"
တမူးမြို့နယ်၊ ခါမ်းပါတ်မြို့နဲ့ အဲဒီမြို့အနီးက ကနန်ရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၆ ရက်နေ့ ညပိုင်းမှာပဲ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေး တစ်ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက RFA ကိုပြောပါတယ်။
ခါမ်းပါတ်မြို့က အမှတ် (၁) ရပ်ကွက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးနှစ်ကြိမ်ကြဲချပြီး ကနန်ကျေးရွာက ဘုန်းတော်ကြီးကျောင်းကိုလည်း ဗုံးတစ်ကြိမ်ကြဲချတယ်လို့ ဆိုပါတယ်။
ဘုန်းကြီးကျောင်းနဲ့ စေတီ အပါအဝင် နေအိမ် ၂၄ လုံးထက်မနည်း ပျက်စီးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကနန်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"မြို့ပေါ်မှာနေတဲ့ ၁၀ နှစ်အရွယ် ကလေး တစ်ဦးနဲ့ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ရုံးက ရဲဘော် တစ်ဦး သေဆုံးတယ်။ ဒဏ်ရာရသူတွေလည်း ရှိတယ်။ ကနန်ရွာက ဘုန်းကြီးကျောင်းရော၊ စေတီရော ထိခိုက်ပျက်စီးသွားတယ်"
ဒီအခြေအနေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကိုင်းတိုင်းထဲမှာ ခါမ်းပါတ်၊ ရွှေပြည်အေး၊ မော်လူး၊ မြို့သစ်၊ စဉ့်ကူး၊ တကောင်း၊ သပိတ်ကျင်းနဲ့ ပင်လည်ဘူးမြို့တွေကို NUG က ထိန်းချုပ်ထားပါတယ်။
နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ပတ်အတွင်း အရပ်သား ၅၂ ဦး သေဆုံးသွားတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
(မှတ်ချက် - စစ်ကိုင်းတိုင်း၊ မော်လူးမြို့ လေကြောင်းတိုက်ခိုက်ခံရပြီး သုံးဦးသေဆုံးသည့် အချက်အလက်ကို ဒေသခံအသံများဖြင့် ဖြည့်စွက်ဖော်ပြထားပါသည်။)