မန္တလေးယူနန်သင်္ချိုင်းက မကြယ်စင်ရဲ့ အုတ်ဂူ ဖောက်ထွင်းခံရ

စောဖိုးခွား
2021.03.05
မန္တလေးယူနန်သင်္ချိုင်းက မကြယ်စင်ရဲ့ အုတ်ဂူ ဖောက်ထွင်းခံရ မန္တလေးယူနန်သင်္ချိုင်းက မကြယ်စင်ရဲ့ အုတ်ဂူ
Photo-CJ

မန္တလေးမြို့ အေးရိပ်ငြိမ် (ယခင် ကြာနီကန်) သုဿန်မှာရှိတဲ့ ယူနန်တရုတ်သချိုင်းမှာ မနေ့က မြုပ်နှံခဲ့တဲ့ မကြယ်စင်(၁၉ နှစ်)ရဲ့ ဂူဗိမာန်ကို မတ်လ ၅ ရက်နေ့ ဒီနေ့ ညပိုင်းမှာ စစ်တပ်နဲ့ ရဲတွေ ရောက်လာပြီး အုတ်ဂူကို ဖောက်ထွင်း တူးဖော်သွားတယ်လို့ သုဿန်အနီးမှာ နေထိုင်သူတွေက RFA ကိုပြောပါတယ်။

ဒီကနေ့ ညနေ ၅ နာရီလောက်မှာ စစ်ကားတစ်စီးနဲ့ ရဲကား ခြောက်စီး ရောက်လာပြီးတော့ သချိုင်းတဝိုက်ကို ရဲနဲ့တပ်သားတွေက ပိတ်ထားခဲ့ပြီး ဘယ်သူ့ကိုမှ ဝင်ရောက်ကြည့်ရှုခွင့်မပေးခဲ့ဘူးလို့ ဒေသခံကပြောပါတယ်။

ညပိုင်း ၈ နာရီကျော်မှာ စစ်ကားတွေ ပြန်ထွက်သွားချိန် ဒေသခံတွေဟာ သချိုင်းထဲဝင်ပြီး မကြယ်စင်ရဲ့ အုတ်ဂူကို သွားကြည့်ချိန်မှာ ဖောက်ထွင်းခံထားရတာတွေ့ရတယ်လို့ ဆိုပါတယ်။

"ဂူကိုဖောက်ပြီး အင်္ဂတေတွေနဲ့ ပြန်ပိတ်ခဲ့တယ်၊ ကျနော်တို့ ရောက်သွားချိန်မှာ အင်္ဂတေတွေ အစိုကြီးတွေပဲရှိသေးတယ်၊ ဘာကြောင့် လာဖောက်တယ်ဆိုတာ မသိဘူး" လို့ ဒေသခံတဦးက RFA ကိုပြောပါတယ်။

ဘာကြောင့် ဂူဖောက်ပြီး ရုပ်အလောင်းကို ပြန်မြုပ်ခဲ့သလား၊ သယ်ယူသွားသလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးသလို ဒီကိစ္စနဲ့ပတ်သက်လို့ မကြယ်စင်ရဲ့ မိသားစုကိုလည်း RFA က ဆက်သွယ်လို့မရသေးပါဘူး။

မကြယ်စင်ဟာ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က မန္တလေးမြို့ လမ်း ၈ဝနဲ့ လမ်း ၃ဝ ထောင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေစဉ် သေနတ်ကျည် ထိမှန်သေဆုံးခဲ့ရတဲ့ ယူနန် တရုတ်နွယ်ဖွား တစ်ဦးဖြစ်ပါတယ်။ မကြယ်စင်သေဆုံးခဲ့ရတာနဲ့ပတ်သက်လို့ စစ်အာဏာပိုင်တွေအနေနဲ့ စုံစမ်းစစ်ဆေးတာတွေ လုပ်သွားမယ်လို့လည်း စစ်အာဏာပိုင်တွေ လက်အောက်ခံဖြစ်တဲ့ ဒီကနေ့ထုတ် မန္တလေးနေ့စဉ်သတင်းစာမှာ ဖော်ပြထားပါတယ်။ အလားတူ စုံစမ်းစစ်ဆေးမှု လုပ်မယ့်အကြောင်းလည်း မနေ့က စစ်တပ်ပိုင် မြဝတီသတင်းမှာ ကြေညာခဲ့ပါတယ်။

ဒေသခံတွေကတော့ ဒီနေ့ မကြယ်စင်ရဲ့ အုတ်ဂူဖောက်ထွင်းခံရတာဟာ ဒီစစ်ဆေးတာတွေလုပ်ဖို့ လာရောက်တာဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

မန္တလေးအခြေစိုက် Voice of Myanmar (VOM) သတင်းဌာနကတော့ ရုပ်အလောင်းကို ဂူထဲက ထုတ်ပြီး စစ်ကားပေါ်မှာ တင်ထားတာတွေ့ရတယ်လို့ ဖြစ်စဉ်နဲ့ အနီးဆုံးမှာ ရှိနေသူတွေကို ကိုးကားပြီး ရေးသားထားပါတယ်။

ရုပ်အလောင်းကို ပြန်ဖေါ်စစ်ဖို့ မနက်ကတည်းက နီးစပ်တဲ့မြို့နယ်တွေက တရားသူကြီးတွေကို ခေါ်ခဲ့ပေမယ့် တရားသူကြီးချုပ် ညွန်ကြားချက်မရှိလို့ ငြင်းဆန်ခဲ့တယ်လို့လည်း တရားရေးအသိုင်းအဝိုင်းကို ကိုးကားပြီး ရေးသားထားပါတယ်။

ဒီလိုတူးဖော်ရာမှာလည်း တရားရေးနဲ့ မူခင်းဆိုင်ရာ ဆရာဝန်တွေ ပါဝင်ခြင်းရှိမရှိလည်း မသိရသေးဘူးလို့ သတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

မြတ်နိုး
2021-03-06 00:22

လက်ခံနိုင်စရားအကြောင်းမရှိပါရုပ်တမာကောင်တွေကိုချေးမုန်းပြစ်ပါ ညီမလေးရဲ့ကိုယ်ကျင့်တရားကို့ထိပါစေပါတယ်မှတ်မှတ်ထိထိအရေးယူပေးပါ ရေးတော်ပုံအောင်ရမည် ညီမလေးရေ