မိုင်းငေါ့က စစ်ဘေးဒုက္ခသည်တွေ အကူအညီရရှိမှုနည်းနေ
2018.01.04

ကျောက်မဲမြို့ပေါ်က စစ်ဘေးဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေကို ဒီကနေ့မှာတော့ နမ့်ဆန်၊ လားရှိုး၊ မန္တလေးမြို့တွေက စေတနာရှင်တွေက လာရောက်ကူညီတာတွေရှိနေပေမယ့် အလှမ်းဝေးတဲ့ မိုင်းငေါ့မြို့နယ်ခွဲ စစ်ဘေးဒုက္ခသည်တွေအတွက်တော့ အကူအညီတွေ အရောက်နည်းနေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
ကျောက်မဲမြို့ခံတွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်ရှောင်ကူညီရေးကော်မတီက အဲဒီ မိုင်းငေါ့မြို့နယ်ခွဲက စစ်ဘေးဒုက္ခ သည်တွေအတွက် အလှူခံပြီး အကူအညီတွေ ပို့ပေးနေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဇီဝိတအသင်း ဥက္ကဌ ဦးတင်မောင်သိန်း က ပြောပါတယ်။
"စစ်ရှောင်အတွေ့အကြုံရှိတဲ့ ကျောက်မဲမြို့ခံတွေက စစ်ရှောင်ကော်မတီဖွဲ့ပါတယ်၊ အလှူငွေတွေအားလုံးကို လက်ခံပြီးတော့မှ စစ်ရှောင်ကော်မတီကပဲ တာဝန်ယူထိန်းသိမ်းစောင့်ရှောက်ပေးတယ်၊ လိုအပ်တဲ့ဟာအားလုံးကို စီမံခန့်ခွဲပေးပါတယ်၊ စစ်ရှောင်စခန်းအားလုံးအတွက် ဆောင်ရွက်ပေးနေပါတယ်၊ မိုင်းငေါ့မြို့နယ်ခွဲက စစ်ရှောင် စခန်းတစ်ခုမှာ ၁၉၂ ယောက်ရှိပါတယ်၊ အဲဒီအတွက် ဒီကနေလှမ်းပေးလိုက်ရအောင် ခွဲခြားစိတ်ဖြာပြီး လှူပေးကြ ပါဦးလို့ မေတ္တာရပ်ခံပါတယ်"
ကျောက်မဲမြို့မှာ ဒီကနေ့ညနေပိုင်းအထိ ဒုက္ခသည်အရေအတွက် ၁၁၀၀ ကျော်ရှိနေပြီး ကျောက်မဲမြို့ ဝါဆိုကျောင်း မှာ ၂၄၀ ဦး၊ ဘိုးသာအောင်ဓမ္မာရုံမှာ ၃၀၆ ဦး၊ အောင်မင်္ဂလာကျောင်းမှာ ၂၃၁ ဦး၊ အောင်မြေသာယာကျောင်းမှာ ၁၅၀ ဦးနဲ့ကျောက်မဲမြို့နယ် မိုင်ငေါ့မြို့နယ်ခွဲ ကမဟာမုနိကျောင်းမှာ ၁၉၁ ဦး ရှိနေတာဖြစ်ပါတယ်။
အဲဒီဒုက္ခသည်တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်ငေါ့မြို့နယ်ခွဲ မန်ခေါက်ကျေးရွာအုပ်စုနဲ့ ပလောင်ကိုယ်ပိုင်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ကျောက်ဖြူလေးကျေးရွာအုပ်စု နေရာတွေမှာ ပြီးခဲ့တဲ့လ ဒီဇင်ဘာ ၂၇ ရက်နေ့က တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA တပ်တွေကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး ထွက်ပြေးနေကြရတာဖြစ်ပါတယ်။
သူတို့အနေနဲ့ နေရပ်ပြန်ချင်ပေမယ့် သူတို့ဒေသမှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ ၃ ပွင့်ဆိုင် နေရာယူထားတာကြောင့် တိုက်ပွဲတွေဖြစ်လာရင် ထိခိုက်မှုတွေ ရှိလာနိုင်တဲ့အတွက် နေရာယူထားတဲ့ အဖွဲ့တွေမဖယ်မချင်း နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးလ့ို ဒုက္ခသည်တွေက ပြောပါတယ်။