နေရပ်ပြန်ရေး ခက်ခဲနေသူတွေကို အရပ်ဘက်အဖွဲ့တွေ ကူညီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်အတွင်း အစိုးရတပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ကြား တိုက်ပွဲတွေကြောင့် နေရပ်ပြန်ဖို့ အခက်အခဲဖြစ်နေသူတွေကို လူမှုကူညီရေးအဖွဲ့တွေနဲ့ ဌာနဆိုင်ရာတွေချိတ်ဆက် ပြီး နေရပ်ပြန်နိုင်ရေးအတွက် ကူညီပေးနေကြပါတယ်။

ဒီနေ့မနက်ထိ လားရှိုးနဲ့ မန္တလေးမြို့တွေကနေတဆင့် နေရပ်အသီးသီးကို ပြန်နိုင်ဖို့ ကူညီပေးရတဲ့ လူဦးရေ အရေအတွက် ၂၀၀၀ ကျော်ရှိသွားပြီလို့ နေရပ်ပြန်အလုပ်သမားတွေကို ကူညီပေးနေတဲ့ လားရှိုမြို့က ရွှေကြေး စည် လူမှုကူညီရေးအသင်း ဥက္ကဌ ဦးစိုင်းညီညီဟန်က ပြောပါတယ်။

"ဗမာပြည်အလယ်ပိုင်းကနေ လောက်ကိုင်မှာ အလုပ်လာလုပ်ကြတယ်၊ အလုပ်လုပ်ပြီးတော့ အဲ့အချိန်မှာ တိုက်ပွဲတွေဖြစ်တော့ သူတို့ရဲ့ အလုပ်ရှင်တွေက ထွက်ပြေးပြီးတော့ သူတို့တွေက လုပ်အားလုပ်ခမရဘဲနဲ့ စရိတ်မဲ့ ပြန်ရမယ့်အနေအထားမြင်နေရတော့ ကျနော်တို့အဖွဲ့အစည်းတွေက ကူညီစောင့်ရှောက်ပေးဖြစ်တာပါ"

လောက်ကိုင်မှာ အလုပ်သွားလုပ်နေပြီး တိုက်ပွဲတွေကြောင့် နေရပ်ပြန်လာတဲ့ အလုပ်သမားအများစုဟာ ပြည် ၊ အောင်လံ၊ ပခုက္ကူ၊ ရမည်းသင်း စတဲ့ ဒေသတွေက အများစုဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာလည်း လောက်ကိုင်ဒေသကနေ တိုက်ပွဲတွေကြောင့် နေရပ်ပြန်ကြတဲ့ အလုပ်သမားတွေကို လူမှုကူညီရေးအသင်းကွန်ရက်တွေ ချိတ်ဆက်ပြီး နေရပ်ကိုပြန်နိုင်ဖို့ ဆောင်ရွက်ပေးနေတယ်လို့ မန္တလေး တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနကနေ သိရပါတယ်။

လောက်ကိုင်မြို့ကို မတ်လ ၆ ရက်နေ့ မနက်က ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ MNDAA က ဝင်ရောက်တိုက်ခိုက် ခဲ့တဲ့အတွက် မူလတန်းပြဆရာမ တစ်ယောက်၊ ယာဉ်ထိန်းရဲ ၅ ယောက်နဲ့ ပြည်သူ ၅ ယောက် သေဆုံးပြီး ယာဉ်ထိန်းရဲ ၄ ယောက်ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

လက်ရှိချိန်ထိလည်း တပ်မတော်နဲ့ MNDAA တို့ တိုက်ပွဲအခြေအနေ မငြိမ်သက်သေးဘဲ စစ်ဘေးရှောင် သူ နေရပ်ပြန်သူ အရေအတွက်လည်း များပြားလာနေပါတယ်။