မကွေး CDM ဝန်ထမ်းတွေ ဖမ်းဆီးခြိမ်းခြောက်ခံနေရ

မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံးက CDM လုပ်ဆောင်နေတဲ့ ဝန်ထမ်း ၃၀ ကျော်ထဲက ၅ ယောက် ဖမ်းဆီးခံထားရပါပြီး ကျန်တဲ့သူတွေကတော့ ရှောင်တိမ်းနေရပါတယ်။ လွတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်က ဖိအားပေးတဲ့အပြင် ခြိမ်းခြောက်တာတွေပါ ရှိလာနေလို့ တိမ်းရှောင်နေရတာလို့ ဝန်ထမ်းတွေက ပြောပါတယ်။

ယာယီအလုပ်ရပ်ဆိုင်းကြောင်းစာတွေ ထုတ်ပြန်ခံခဲ့ရတယ်လို့လည်း ပြောပါတယ်။ ချေပလွှာတွေ တင်ခိုင်းတဲ့ အတွက် ချေပလွှာတင်ဖို့ ပြင်ဆင်နေချိန်မှာပဲ ဝန်ထမ်း (၄) ဦး ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။ လက်ထောက်ညွှန်ကြားရေးမှူး တစ်ဦးကတော့ မိသားစုကိုပါ ခြိမ်းခြောက်ခံရပြီး မတ်လ ၁၂ရက် မနေ့က ရုံးပြန်တက်ဖို့ အသွားမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးတာခံလိုက်ရတယ်လို့ ဝန်ထမ်းတယောက်က အခုလိုပြောပြပါတယ်။

“ကျမတို့အဖွဲ့မှာပါတဲ့ ဒုညွှန်ကို တစ်နေ့ကညက သူ့မိသားစုအိမ်ကို ဝင်စီးတယ်၊ ဝင်စီးပြီးတဲ့အခါကျတော့ ဒုညွှန် တက်မှာလား ရုံးတက်မှာလား မတက်ဘူးဆိုရင် ဒုညွှန်ရဲ့အမေကို ဖမ်းမယ်လို့ ခြိမ်းခြောက်တယ်။ ဒုညွှန်ရဲ့ အမေကကျတော့ အသက်ကြီးနေပြီဆိုတဲ့အခါကျတော့ ဒုညွှန်က ဘယ်လိုမှကို အဆင်မပြေလို့ ထောင်ထဲ ထည့်လိုက်ဖို့ကျ ဘယ်လိုမှကို အဆင်မပြေလို့ သူပြန်တက်ရမယ်လို့ ကျမတို့ကို ငိုယိုပြီးတော့ ပြောတယ်။ သူ့ကိုလည်း အပြစ်မပေးပါဘူး။ ရာထူး‌လျှော့တာလည်း မလုပ်ပါဘူး၊ နှစ်တိုးရပ်တာလောက် တင်လုပ်မှာပါလို့ သူ့ကို ညာပီးတော့ခေါ်တာ၊ အဲဒါဒီနေ့မနက် သူပြန်ပီးတော့ သွားတက်ချိန်ကျတော့ ရုံးထဲ ရောက်ရုံရှိသေးတယ် တန်းပြီးတော့ ရဲကားတွေ ခေါ်ပြီးကာမှ ဒုညွှန်ကို ရဲတွေ ဖမ်းသွားတာပါပဲ”

ဒုညွှန်မှူးစီးလာတဲ့ အိမ်စီးကားကိုလည်း သိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်။ မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံးက CDM လုပ်နေကြတဲ့ ဝန်ထမ်း ၃၀ ကျော်ထဲမှာ ခြိမ်းခြောက်ခံတာကို ကြောက်တဲ့အတွက် (၁၀) ယောက်က ရုံးပြန်တက်ပါတယ်။ ကျန်တဲ့သူတွေထဲက (၅) ဦး အဖမ်းခံထားရပြီး CDM ဆက်လုပ်နေတာ ကတော့ ၁၇ ယောက်ဖြစ်ပါတယ်။ သူတို့ဟာ လောလောဆယ်မှာ ဘေးလွှတ်ရာကို ပုန်းရှောင်နေကြရတယ် လို့ ပုန်းရှောင်နေတဲ့ ဝန်ထမ်းတယောက်က ပြောပါတယ်။

“ကျနော်က ချေပလွှာရေးပြီး တင်မယ့်ဟာကို လူကိုယ်တိုင်လာမှချည်း လုပ်နေတယ်။ လူကိုယ်တိုင်လာမှ လက်ခံ တယ်ပေါ့။ အဲဒီလိုချည်း လုပ်နေတယ်။ ကျနော်တို့လည်း လူကိုယ်တိုင် သွားလို့ရှိရင်လည်း ဆွဲစိမှာ သေချာတယ်။ အဲ့တော့ ကျနော်တို့လည်း ချေပလွှာလည်းမတင်ဘူး။ သွားလည်းမတင်တော့ဘူးပေါ့။ ကျနော်တို့လည်း ရှောင်နေရတယ်။ရုံးက ကျနော်တို့ကို ဖိအားပေးနေတာ”

CDM လုပ်နေသူတွေဟာ ရှောင်ပုန်းနေရပေမယ့် ဆုံးခန်းတိုင်သည်အထိ CDM ဆက်လုပ်သွားမှာဖြစ်ပြီး သူတို့ရဲ့ လုံခြုံရေးကတော့ အထူးစိုးရိမ်နေရတယ်လို့ ဝန်ထမ်းတွေကပြောကြပါတယ်။