ဖားကန့်ကို စစ်ကောင်စီ အပြင်းအထန် ခုခံကာကွယ်နေ

RFA Burmese
2024.09.26
ဖားကန့်ကို စစ်ကောင်စီ အပြင်းအထန် ခုခံကာကွယ်နေ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာတွင် မီးလောင်နေသည်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့က တွေ့ရစဥ်။
Facebook/ မှော်မင်းသား

စစ်ကောင်စီအတွက် အဓိက ဘဏ္ဍာငွေ အရင်းအမြစ်ရရှိရာ ကျောက်စိမ်းမြေဖြစ်တဲ့ ကချင်ပြည်နယ် ဖားကန့်မြို့ကို လက်မလွှတ်ရရေးအတွက် အပြင်းအထန် ခုခံကာကွယ်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာက Lucky Man ဟိုတယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ KPDF တွေ တိုက်ပွဲဖြစ်နေတာ အချိန်သုံးပတ်နီးပါး ရှိလာပြီဖြစ်ပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေ နေ့စဥ်လိုလို လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၂၅ ရက် မနေ့က ဆိုင်းတောင်မှာ တိုက်ပွဲတွေပြင်းထန်ပြီး Lucky Man ဟိုတယ်လည်း မီးလောင်နေတာ တွေ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖားကန့်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့က အပြန်အလှန် ပစ်ကြတာ။ ဟိုတယ် မီးလောင်နေတာ တွေ့ရတယ်။ ဘယ်လောက်အထိ လောင်သွားလဲတော့ သေချာမသိရသေးဘူး။ ဗျူဟာကုန်းဘက်ကိုလည်း တော်လှန်ရေးတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်တာရှိတယ်။ တစ်ခါ ဗျူဟာကုန်းကနေလည်း ဆိုင်းတောင်ဘက်ကို လက်နက်ကြီးတွေ တောက်လျှောက် ပစ်ကူနေတာ။ လေယာဥ်တွေနဲ့ နေ့တိုင်းလိုလို လာပစ်နေတယ်”

စက်တင်ဘာ ၂၆ ရက် ဒီနေ့မနက်မှာတော့ ဆိုင်းတောင်မှာ မိုးရွာနေတာကြောင့် တိုက်ပွဲ အနည်းငယ်ငြိမ်သွားတယ်လို့ သူက ပြောပါတယ်။

KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း ဖားကန့်မှာ တိုက်ပွဲတွေ ဆက်ပြီးဖြစ်နေတယ်လို့ RFA ကို ပြောပါတယ်။

“ဖားကန့်ဘက်မှာလည်း တိုက်ပွဲဆက်ရှိတယ်။ ဗျူဟာကုန်းကနေ လက်နက်ကြီးတွေလည်း ပစ်တယ်။ ဗန်းမော်ဘက်မှာလည်း တိုက်ပွဲ ဆက်ရှိနေပါတယ်”

စစ်ကောင်စီရဲ့ စီးပွားရေးအရ အရေးပါတဲ့ ဖားကန့်မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ရင် ဘဏ္ဍာငွေ တစ်စိတ်တစ်ပိုင်းကို ဖြတ်တောက်နိုင်လိမ့်မယ်လို့ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာ Lucky Man ဟိုတယ်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA ပူးပေါင်းတပ်တွေ စက်တင်ဘာ ၇ ရက်နေ့ကစပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပြီး တိုက်ပွဲအတွင်း အရပ်သား သုံးဆယ်ကျော် သေဆုံးသွားသလို ဖားကန့်မြို့နယ်က ဒေသခံ ငါးသောင်းကျော်လည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

ဖားကန့်မှာ စစ်ကောင်စီ တပ်စခန်းပေါင်း ၂၆ ခုခန့် ရှိတဲ့အထဲက တပ်စခန်းအများစုကို KIA နဲ့ ပူးပေါင်းအဖွဲ့က သိမ်းယူထားပြီး မြို့ပေါ်က ဗျူဟာကုန်း၊ ကံဆီး ဗျူဟာ၊ တန်းကောင်တောင် တပ်စခန်း၊ ဖားကန့် ရဲစခန်း၊ လယ်ပြင် ယမ်းချက်စက်ရုံနဲ့ လုံးခင်းမျောက်ကုန်း စတဲ့တပ်စခန်းတွေပဲ စစ်ကောင်စီ ထိန်းချုပ်ထားနိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။