တနင်္သာရီတိုင်း မြိတ်မြို့က အဖမ်းခံထားရတဲ့ DVB သတင်းထောက် ကိုအောင်ကျော်ကို ဒီကနေ့ ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်ပါတယ်။
ကိုအောင်ကျော်ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) နဲ့ စစ်ကောင်စီက တရားစွဲခဲ့တာဖြစ်ပြီး မြိတ်မြို့ ထောင်တွင်း ရားရုံးကနေ ဒီကနေ့ အမိန့်ချလိုက်တာလို့ ကိုအောင်ကျော်ရဲ့ ဇနီးဖြစ်သူ မနေခြည်က RFA ကိုပြောပါတယ်။
"ဘာကြောင့် ၅၀၅ (က) နဲ့ တရားစွဲပြီး ဘာကြောင့် ထောင် နှစ်နှစ် ချလိုက်လဲ ဘာမှမသိရဘူး။ ဘာလို့လဲဆို ထောင်တွင်းတရားရုံးကို မိသားစုကို တစ်ခါမှ ကြားနာခွင့်မပေးဘူး၊ ဘာအကြောင်းပြချက်တွေနဲ့ ဒီလိုတရားစွဲထောင်ချလိုက်လဲ လုံးဝမသိရဘူး"
ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ ညနက်ပိုင်းမှာ DVB သတင်းထောက် ကိုအောင်ကျော်နေအိမ်ကို စစ်ကောင်စီအင်အား အလုံးအရင်း ရောက်လာပြီး သေနတ်နဲ့ ခြောက်လှန့်ပစ်ခတ် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ကိုအောင်ကျော်ဟာ အဖမ်းမခံရခင် တစ်ရက်မှာ မြိတ်မြို့ ဒေသခံနေအိမ်တချို့ကို စစ်ကောင်စီတပ်သားတွေ ရိုက်နှက် ဖျက်ဆီးခဲ့တဲ့အကြောင်း တိုက်ရိုက် သတင်းထုတ်လွှင့်ခဲ့တာပါ။
ဖမ်းသွားတဲ့နေ့ကနေ အမိန့်ချလိုက်တဲ့အထိ ရက်ပေါင်း တစ်ရာနီးပါး ကြာခဲ့ပေမယ့် မိသားစုနဲ့ လုံးဝ တွေ့ခွင့်မရခဲ့သလို အမှုလိုက် ရှေ့နေလည်း ငှားခွင့်မရခဲ့ဘူးလို့ ဇနီးဖြစ်သူ မနေခြည်က ပြောပါတယ်။
ဒီကနေ့ချမှတ်လိုက်တဲ့ အမှုနဲ့ ပတ်သက်ပြီး အယူခံဝင်ဖို့မရှိဘူးလို့လည်း ပြောပါတယ်။
"သူ့ကိုချလိုက်တဲ့ ၅၀၅ (က) ဟာ သတင်းထောက်တစ်ယောက်ကို စွဲသင့်တာမျိုးမဟုတ်ဘူး။ တမင်သက်သက် သတင်းအမှောင်ချချင်လို့ လုပ်တာဖြစ်လို့ သူ အယူခံမဝင်ဘူး။ ဖမ်းချင်သလိုဖမ်း ထောင်ချချင်သလို ချနေလို့ တရားဥပဒေကို အယုံအကြည် မရှိတော့တဲ့အတွက် အယူခံမဝင်တော့ဘူး။ ဒီ ၅၀၅ (က) နဲ့ ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်တာဟာ လုံးဝ တရားမျှတမှု မရှိဘူး"
DVB သတင်းထောက်ကိုအောင်ကျော် ထောင် ၂ နှစ်ချခံရတာနဲ့ ပတ်သက်ပြီး DVB သတင်းဌာန ဒါရိုက်တာ ဦးအေးချမ်းနိုင်က "ကျနော်တို့ အနေနဲ့ မတရားထောင်ချတယ်လို့ပဲ သတ်မှတ်တယ်၊ ကျနော်တို့ သတင်းထောက်ကိုအောင်ကျော်ကို ထောင်ချစရာ အကြောင်း ဘာမှမရှိဘူး။ တရားစီရင်ရေးကလည်း မညီမျှဘူး၊ မတရားဖမ်းဆီးထားတယ်လို့ပဲ ကျနော်တို့ သတ်မှတ်တယ်" လို့ RFA ကိုပြောပါတယ်။
ကိုအောင်ကျော်နည်းတူ ပြည်မြို့အခြေစိုက် DVB သတင်းထောက်ကိုမင်းညိုကိုလည်း စစ်ကောင်စီက ထောင်ဒဏ် သုံးနှစ် မေလ (၁၂) ရက်နေ့က ချမှတ်လိုက်ပါတယ်။
ဒီကနေ့ မြိတ်ထောင်တွင်းတရားရုံးမှာ DVB သတင်းထောက် ကိုအောင်ကျော်လိုပဲ ဖမ်းဆီးခံထားရတဲ့ Mizzima သတင်းဌာနက အလွတ်တန်း သတင်းထောက် ကိုဇော်ဇော်ကိုလည်း ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်ပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းလိုက်ချိန်ကစလို့ ဖမ်းဆီးခံထားရတဲ့ သတင်းထောက် အယောက် ၈၀ ကျော် ရှိပါတယ်။ အဲ့ဒီထဲက အယောက် ၅၀ ကျော်ဟာ မြန်မာနိုင်ငံအသီးသီးက ထောင်တွေမှာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မတွေနဲ့ အမှုရင်ဆိုင်နေရပါတယ်။
သတင်းမီဒီယာကောင်စီဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ဦးမြင့်ကျော်ကတော့ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာအခြေအနေဟာ အဆိုးဆုံးမှာရောက်နေပြီလို့ ဆိုပါတယ်။
"သတင်းလောက အခြေအနေက အဆိုးဘက်ကိုဦးတည် ကျဆင်းနေတယ်၊ ဒီထက်လည်းဆိုးနိုင်ဖွယ်ရှိကောင်းရှိနေတယ်၊ အရင် စစ်အစိုးရလက်ထက်လို ဆင်ဆာဖြတ်တဲ့အခြေအနေထိ ရောက်လာနိုင်သလားဆိုတာက ဘယ်သူမှမပြောနိုင်ဘူး။ ဒါပေမဲ့ အဲ့ဒီအခြေအနေကို ဦးတည်နေတယ်လို့ ပြောနိုင်တယ်၊ သတင်းသမား ၅၀ ကျော်လောက် ထောင်ထဲရောက်နေတယ်ဆိုတာက ဆယ်စုနှစ်တစ်ခုတွင်းမှာ တခါမှမရှိဘူး။ ဒါအဆိုးဆုံး သတင်းလွတ်လပ်ခွင့် ထိုးကျနေတာဖြစ်တယ်"
စစ်ကောင်စီက သတင်းထောက်တွေကို လိုက်လံဖမ်းဆီးပြီး တရားစွဲအကျဉ်းချနေတာကြောင့် လတ်တလောမှာ သတင်းထောက် အတော်များများ ပြည်တွင်းမှာတိမ်းရှောင်ပြီး သတင်းလုပ်ငန်း ဆက်လုပ်နေကြသလို တချို့ကတော့ ပြည်ပနိုင်ငံတွေကို ထွက်ပြေး လွတ်မြောက်လာပြီး သတင်းလုပ်ငန်းတွေ ဆက်လုပ်နေကြတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။ တချို့ကတော့ အလုပ်တွေပြုတ်ပြီး စားဝတ်နေရေးအတွက် ရုန်းကန်နေကြရပါတယ်။
အာဏာသိမ်းပြီးနောက် သတင်းအမှောင်ချဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီဟာ ပြည်တွင်းအခြေစိုက် DVB, Myanmar Now တို့လို သတင်းဌာနကြီးတွေ အပါအဝင် သတင်းဌာန ၁၁ ခုကို ထုတ်ဝေခွင့် ပိတ်ပင်လိုက်တဲ့အပြင် ပြည်ပအခြေစိုက် သတင်းတွေကို ဖမ်းယူ ကြည့်ရူနိုင်တဲ့ PSI ဂြိုလ်တုစလောင်းတွေကိုပါ လိုက်လံသိမ်းဆည်းနေပါတယ်။