ကျားဖြန့်ဂိုဏ်းတွေကို ထိထိရောက်ရောက် နှိမ်နင်းမယ်လို့ စစ်ခေါင်းဆောင် ပြော
2025.02.04

နိုင်ငံတကာက အာရုံစိုက်လာတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တွေ နှိမ်နင်းရေး လုပ်ဆောင်နေပြီး အဲဒီလုပ်ငန်းတွေမှာ သက်ဆိုင်ရာ နယ်မြေအလိုက် တာဝန်ယူရတဲ့ အာဏာပိုင်တွေက ပါဝင်ပတ်သက်နေရင်လည်း ထိထိရောက်ရောက် အရေးယူမယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ပြောပါတယ်။
စစ်ကောင်စီက အရေးပေါ်ကာလ ခုနစ်ကြိမ်မြောက် သက်တမ်းတိုးပြီးချိန် နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီ အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောလိုက်တာပါ။
ကျားဖြန့်လုပ်ငန်းတွေကြောင့် နိုင်ငံမှာ အခက်အခဲတွေ ကြုံခဲ့ရပြီး လက်ရှိမှာ ဒီလုပ်ငန်းတွေ နှိမ်နင်းရေးအတွက် နိုင်ငံတကာနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
တရုတ်နိုင်ငံ အပါအဝင် နိုင်ငံတကာက အာရုံစိုက်နေတာကြောင့် စစ်ကောင်စီက ကျားဖြန့်ဂိုဏ်းတွေ နှိမ်နင်းရေးကိစ္စ အကြိမ်ကြိမ်ထုတ်ပြောနေတာလို့ နိုင်ငံရေးလ့လာသုံးသပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“ထိပ်ပိုင်းက တချို့ အရာရှိကြီးတွေကိုလည်း အရေးယူတာတွေရှိခဲ့ပြီးပါပြီ အခုပြောတာကတော့ နိုင်ငံခြားရေး မူဝါဒအရ တရုတ်နိုင်ငံက ကျေနပ်အောင်ပြောတဲ့ စကားလို့ပဲ ယူဆပါတယ်”
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့နယ်က အွန်လိုင်းငွေလိမ်လုပ်ငန်းတစ်ခုမှာ တရုတ်သရုပ်ဆောင် ဝမ်ကျင်း (Wang Xing) ဖမ်းဆီးပိတ်လှောင်ခံခဲ့ရတဲ့ ဖြစ်ရပ်အပါအဝင် လူကုန်ကူးခံရတဲ့ ဖြစ်ရပ်တွေ ခပ်စိပ်စိပ်ဖြစ်လာပြီးနောက် တရုတ်၊ ထိုင်းနဲ့ မြန်မာ သုံးနိုင်ငံလုံးက ငွေလိမ်းဂိုဏ်းတွေ နှိမ်နင်းရေးကိစ္စ ပြောဆိုလာကြတာပါ။
မြန်မာနိုင်ငံမှာတော့ စစ်ကောင်စီအပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့ပါဝင်တဲ့ တော်လှန်ရေးအင်အားစုတွေကပါ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေး ပူးပေါင်းဆောက်ရွက်ဖို့ အသင့်ရှိတယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။