တရုတ်နယ်စပ်မှာ အွန်လိုင်းငွေလိမ်မှုနဲ့ အဖမ်းခံရတဲ့ မြန်မာ ၄၆၀ ခန့်ကို စစ်ကောင်စီ အမှုဖွင့်

RFA Burmese
2024.10.11
တရုတ်နယ်စပ်မှာ အွန်လိုင်းငွေလိမ်မှုနဲ့ အဖမ်းခံရတဲ့ မြန်မာ ၄၆၀ ခန့်ကို စစ်ကောင်စီ အမှုဖွင့် မူဆယ်မြို့တွင်ဖမ်းမိသည့် တရုတ်နိုင်ငံသားများကို စစ်ကောင်စီက တရုတ်နိုင်ငံကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့က လွှဲပြောင်းပေးခဲ့စဉ်။
Screenshot/MRTV Video

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကနေ ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၂၆၂ ဦးနဲ့ အမျိုးသမီး ၁၉၅ ဦး၊ စုစုပေါင်း ၄၅၇ ဦးကို စစ်ကောင်စီက မူဆယ်မြို့ရဲစခန်းမှာ ဆက်လက်ထိန်းသိမ်းပြီး ဆက်သွယ်ရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ မူဆယ်ဒေသ အာဏာပိုင်တွေနဲ့ နီးစပ်သူတွေက RFA ကို ဒီနေ့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေက မူဆယ်မြို့ မင်္ဂလာမူဆယ် ရပ်ကွက်မှာရှိတဲ့ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်နေတဲ့ တိုက်ခန်းတွေကို စစ်ကောင်စီတပ်က စီးနင်းဝင်ရောက် ဖမ်းဆီးခဲ့ရာမှာ တရုတ်နိုင်ငံသား ၃၁၃ ဦးနဲ့ မြန်မာနိုင်ငံသား ၅၅၇ ဦးကို ဖမ်းဆီးရမိခဲ့တာလို့ စစ်ကောင်စီက အောက်တိုဘာ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသားတွေကိုတော့ စစ်ကောင်စီက လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အမှုဖွင့်ပြီး စက်တင်ဘာ ၃၀ ရက်နေ့မှာ တရုတ်နိုင်ငံကို ပြန်လည် လွှဲပြောင်းပေးခဲ့ပါတယ်။

မြန်မာနိုင်ငံသား ၅၅၇ ဦးထဲက ပြစ်မှုကျူးလွန်တာ မရှိတဲ့သူတွေကို လွှတ်ပေးပြီး ကျန် ၄၅၇ ဦးကို အမှုဖွင့် ဖမ်းဆီးထားတာလို့ ဒီအကြောင်းကို အသေးစိတ် သိရှိထားတဲ့ မူဆယ်အာဏာပိုင်တွေနဲ့ နီးစပ်သူတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။

“အရင်တုန်းကဆိုရင်တော့ မြန်မာနိုင်ငံသားတွေဆိုရင် ပြန်လွှတ်ပေးတယ်ဗျ။ အခုကျတော့ ဆက်သွယ်ရေးပုဒ်မနဲ့ အကုန်လုံးကို အမှုဖွင့်ထားတယ်။ ရဲစခန်းမှာ နေရာခွဲပြီးထားတယ်။ ဖမ်းတာကတော့ တပ်နဲ့ ရဲက ဖမ်းတာ။ တာဝန်ခံပြီး အမှုဖွင့်တာက လဝက ဘက်က လုပ်တာ”

စက်တင်ဘာ ၂၃ ရက်နေ့က မင်္ဂလာမူဆယ် ရပ်ကွက်က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ဝင်ရောက်စီးနင်းချိန် ပြည်သူ့စစ်အဖွဲ့နဲ့ ပစ်ခတ်မှုဖြစ်ပွားပြီး စစ်သည်နဲ့ အရာရှိအချို့ ဒဏ်ရာရရှိခဲ့သလို သေနတ်ငါးလက် သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်တင်ဘာ ၂၆ ရက်နေ့က နိုင်ငံပိုင်မီဒီယာတွေကနေတစ်ဆင့် ပြောဆိုထားပါတယ်။

ဒါ့အပြင် လောင်းကစားလုပ်ငန်းမှာ အသုံးပြုတဲ့ ဖုန်း ၅၈ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်တယ်ဆိုတဲ့သူတွေကို ဖမ်းဆီးပြီးနောက်ပိုင်း မူဆယ်မြို့ပေါ်က လောင်းကစားရုံတွေကို အောက်တိုဘာ ၁၁ ရက်နေ့အထိ ပိတ်ထားတယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။

လာမဲ့ အောက်တိုဘာ ၂၀ ရက်နေ့မှာတော့ လောင်းကစားရုံတွေ ပြန်ဖွင့်ဖို့ ပြင်နေကြတာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။

အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်ပြီး မြန်မာနိုင်ငံသားတွေ ဖမ်းဆီးအမှုဖွင့်ခံထားရတာနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေ စိုးမိုးတဲ့မူဆယ်မြို့မှာ အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ဆက်စပ်တဲ့ တရုတ်နိုင်ငံသား၊ မြန်မာနိုင်ငံသားတွေ မကြာခဏဆိုသလို ဖမ်းဆီးခံရလေ့ရှိပြီး ပြည်သူ့စစ်တပ်ဖွဲ့တွေ ကြားမှာလည်း မကြာခဏဆိုသလို ပစ်ခတ်မှုတွေ ဖြစ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။