အကျဉ်းထောင်တွင်း သေဆုံးတဲ့ နိုင်ငံရေးအကျဉ်းသား တစ်ရာကျော်အထိရှိလာ

RFA Burmese
2024.10.07
အကျဉ်းထောင်တွင်း သေဆုံးတဲ့ နိုင်ငံရေးအကျဉ်းသား တစ်ရာကျော်အထိရှိလာ ရန်ကုန်မြို့ အင်းစိန်ထောင် အဝင်ဝအား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

အာဏာသိမ်းကာလအတွင်း အကျဉ်းထောင်တွင်း အကြောင်းအမျိုးမျိုးနဲ့ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၃ ဦးရှိပြီး အဲဒီအထဲမှာ ဆေးကုသမှု မလုံလောက်တာကြောင့် သေဆုံးရသူက ၆၃ ဦး ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မနေ့က ကွယ်လွန်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်နဲ့ ဩဂုတ်လ ၁၉ ရက်နေ့က ကွယ်လွန်ခဲ့တဲ့ မှတ်တမ်းရုပ်ရှင်ဖန်တီးသူ ကိုဖေမောင်စိမ်းတို့ဟာ ထောင်တွင်း ကျန်းမာရေးအအခြေဆိုးရွားခဲ့ပြီး လုံလောက်တဲ့ ဆေးကုသခွင့်တွေ မရခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သူတို့နှစ်ဦးလုံးကို သေဆုံးခါနီးမှ လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ပြီး ဒီလိုလုပ်တာဟာ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို သေဒဏ်ပေးနေတာလို့ AAPP အတွင်းရေးမှူး ဦးတိတ်နိုင်က ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုပါတယ်။

“ဒီလို သေဆုံးကာနီးမှ လွှတ်ပေးကြောင်း ထုတ်ပြန်တာဟာ အရင်စစ်အာဏာရှင် အဆက်ဆက်မှာလည်း ရှိခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ စစ်အာဏာရှင်တို့ရဲ့ လုပ်ရိုးလုပ်စဉ်ဖြစ်ပြီး ဒါဟာ ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးအကျဉ်းသားများအပေါ် အကြံဆိုးနဲ့ သေဒဏ်ပေးခြင်းပဲဖြစ်တယ်”

အကျဉ်းထောင်တွေထဲမှာ အကျဉ်းသားတွေရဲ့ နေထိုင်စားသောက်မှု သန့်ရှင်းတဲ့ရေ လုံလောက်စွာရရှိမှု၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမှု စတဲ့ ကဏ္ဍစုံကို ဆောင်ရွက်ပေးဖို့ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ပျက်ကွက်နေတဲ့အတွက် အကျပ်အတည်းအမျိုးမျိုးနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အသက်အန္တရာယ် ထိခိုက်တဲ့အထိ နစ်နာခံစားနေရတယ်လို့လည်း ဆိုပါတယ်။

ဖမ်းဆီးထားသူတွေက ကျန်းမာရေးစောင့်ရှောက်မှုကို တာဝန်မယူပေးတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေ မသေသင့်ဘဲ သေဆုံးရတာလို့ AAPP ရဲ့ တာဝန်ရှိသူ ဦးအောင်မျိုးကျော်က RFA ကို ပြောပါတယ်။

“ဆရာ ဇော်မြင့်မောင် ဆိုလို့ရှိရင် သူသာအပြင်မှာ ဆေးကုသမှု ကောင်းကောင်းရမယ်ဆိုရင် ဒီအခြေအနေက အသက်ဆုံးရှုံးရမဲ့ အခြေအနေ မဟုတ်ဘူးပေါ့ဗျာ။ အဖမ်းခံရပြီးတဲ့အချိန်ကစလို့ တကယ်ကို လုံလောက်တဲ့ ဆေးကုသခွင့်တွေ မရတော့ဘူး။ ဒီလိုမျိုးပဲ အန်ကယ် ဦးဉာဏ်ဝင်းတို့လို့ လူမျိုးတွေ နောက်ထပ်၊ နောက်ထပ်တွေ အများကြီးရှိသေးတယ်။ ဒီလူတွေသာ ထောင်ထဲမှာရှိမနေဘဲနဲ့ အပြင်မှာသာဆိုရင် ဒီလိုမျိုး ကျဆုံးသွားမှာ မဟုတ်ဘူး။ မသေသင့်ဘဲနဲ့ ထောင်ထဲမှာ သေခဲ့ကြရတယ်”

အကျဉ်းထောင်တွင်း သေဆုံးသူတွေထဲမှာ စစ်ကြောရေးမှာ ရိုက်နှက်နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေကို လုံလောက်တဲ့ ဆေးကုသခွင့်မရဘဲ သေဆုံးတာ၊ အကျဉ်းထောင်တွင်း ရိုက်နှက်ခံရတာ၊ ထောင်တွင်းဖြိုခွင်းမှုတွေမှာ ပစ်ခတ်ခံရတာနဲ့ ထောင်ပြင်ထုတ် သတ်ဖြတ်ခဲ့ရတာ စတဲ့အကြောင်းအရာတွေကြောင့် သေဆုံးရသူတွေလည်း ပါဝင်တယ်လို့ သူက ပြောပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။ ဒါပေမဲ့ စစ်ကောင်စီကတော့ အကျဉ်းထောင်တွေထဲမှာ ဖိနှိပ်မှုတွေမရှိဘဲ ဥပဒေအတိုင်းသာ ဆောင်ရွက်ပေးတယ်လို့ အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။

AAPP အနေနဲ့ အကျဉ်းထောင်တွင်း သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် တရားမျှတမှု ရရှိသည်အထိ ဆက်လက်ကြိုးပမ်းမှာဖြစ်ပြီး နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို ထိရောက်စွာ အရေးယူပေးဖို့ တောင်းဆိုတယ်လို့လည်း ဆိုပါတယ်။

AAPP ရဲ့ အောက်တိုဘာလ ၇ ရက်နေ့အထိ စာရင်းတွေအရ နိုင်ငံရေးနဲ့ဆက်စပ်ပြီး လူပေါင်း နှစ်သောင်းကျော် (၂၁၀၂၁ ဦး) ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပြီး အဲဒီအထဲက ကိုးထောင်ကျော် (၉၄၈၄ ဦး) က ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။