(PR) စနစ်ဖေါ်ထုတ်ဖို့ နည်းဥပဒေ ရေးဆွဲနေဆဲ
2014.03.24

မြန်မာနိုင်ငံသား နိုင်ငံခြားသားတွေ မြန်မာ နိုင်ငံမှာ အမြဲနေထိုင်ခွင့် (PR) စနစ်ကို အကောင်အထည် ဖေါ်နိုင်ဖို့ အတွက် နည်းဥပဒေ ရေးဆွဲနေကြောင်း နဲ့ အမြဲနေထိုင်ခွင့် စိစစ်ရေးကော်မတီ ကိုလည်း ဖွဲ့စည်းသွားမှာဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူအင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ဒီကနေ့ ပြည်သူ့လွှတ်တော် မှာ ဖြေကြားခဲ့ပါတယ်။
ကလေးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်လှိုင်က (မြန်မာနိုင်ငံသား နိုင်ငံခြားသား) တွေ မြန်မာနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် PR စနစ်ကို ဘယ်တော့ စနိုင်မလဲလို့ မေးမြန်းတာကို ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ဖြေကြားခဲ့တာဖြစ်ပါတယ်။
" အမြဲနေထိုင်ခွင့် စနစ်ကို အချိန်တိုအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လိုအပ်သည့် နည်းဥပဒေအား ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ အကြံပြုချက်နဲ့ အညီ ထုတ်ပြန်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါတယ်၊ လိုအပ်သော အမြဲနေထိုင်ခွင့် စီစစ်ထုတ်ပေးရေးဆိုင်ရာ လုပ်ငန်းကော်မတီများကို ဖွဲ့စည်းတာဝန်ပေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်"
ဒါ့အပြင် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသားများ အမြဲနေထိုင်ခွင့် စီမံခန့်ခွဲရေးကော်မတီကို ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီး ၁၀ ဦးနဲ့ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့က ဖွဲစည်းထားတယ်လို့ သိရပါတယ်။
နေထိုင်ခွင့်ကို အမျိုးအစား ၄ မျိုး ခွဲထားရာ ကျွမ်းကျင်ပညာရှင်တွေ၊ ရင်းနှီးမြှုပ်နှံမှုပြုလုပ်သူတွေ၊ မြန်မာနိုင်ငံသားဟောင်းတွေနဲ့ မြန်မာနိုင်ငံသားနဲ့ လက်ထပ်ထိမ်းမြှားထားသူတွေအဖြစ် ခွဲခြားထားတယ်လို့ သိရပါတယ်။