၁၂ ပွင့်ဆိုင် တွေ့ဆုံရေးတောင်းဆိုမှု များ သမ္မတက လေ့လာသုံးသပ် သွားမည်

0:00 / 0:00

ပြည်ထောင်စုလွှတ်တော်က ၆ ပွင့်ဆိုင် နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲ ပြုလုပ်ဖို့ အတည်ပြုတောင်းဆိုထားပေမဲ့ တိုင်းရင်းသားအဖွဲ့တွေအားလုံး ပါဝင်နိုင်မယ့် ၁၂ ပွင့် ဆိုင်အဖြစ်ကျင်းပဖို့ ရန်ကုန်တိုင်းဒေသကြီးနဲ့ စစ်ကိုင်း တိုင်းဒေသကြီးတွေက တောင်းဆိုလာတဲ့အပေါ် သမ္မတက လေ့လာသုံးသပ်သွားမှာဖြစ်တယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က RFA ကို ပြောပါတယ်။

"၄ ပွင့်ဆိုင်တို့၊ ၆ ပွင့်ဆိုင်တို့ စပြောတဲ့အချိန်က စပြီးတော့မှ သမ္မတကြီးရဲ့မူကတော့ ဖြစ်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်တဲ့ပုံစံမျိုးကို လိုလားပါတယ်၊ ဒါကြောင့် ကျနော်တို့စခဲ့တုန်းက အဖွဲ့ကြီးငါးဖွဲ့နဲ့ စခဲ့တာပေါ့၊ ကျနော်တို့ကတော့ ဖြစ်ပေါ်လာ တဲ့ နောက်ထပ်တိုင်းဒေသကြီး အစိုးရများရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း အလေးထားပြီးတော့မှ လေ့လာသွား မှာဖြစ်ပါတယ်"

ဒါ့အပြင် အခုလိုတောင်းဆိုလာတာဟာ မြန်မာ့အရေးမှာ အားလုံးကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာနိုင်မယ့် စဉ်စားချက်တွေဖြစ်တာကြောင့် သူ့အနေနဲ့ကြိုဆိုကြောင်း ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

ဒါပေမဲ့ နိုင်ငံမှာအမြင့်ဆုံးဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ၆ ပွင့်ဆိုင်တွေ့ဆုံရေးကို တိုင်းဒေသကြီးတွေက ပြင်ဆင်စဉ်းစားပေးဖို့ တောင်းဆိုတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးမှာ တိုင်းရင်းသားကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရတဲ့ ဒေါက်တာအေးမောင်ကပြောပါတယ်၊

"ပြည်ထောင်စုလွှတ်တော်ရဲ့ လုပ်ပိုင်ခွင့် အချုပ်ခြာအာဏာနဲ့ ပတ်သက်တဲ့ ဥပဒေပြဌာန်းပိုင်ခွင့်နဲ့ တိုင်းဒေသကြီး လွှတ်တော်ရဲ့ ဥပဒေပြဌာန်းပိုင်ခွင့်က ကွာခြားပါတယ်၊ ဇယား ၁ နဲ့ ၂ ပြဌာန်းပါတယ်၊ ပြည်ထောင်စုလွှတ်တော် ရဲ့ ဆောင်ရွက်ချက်အပေါ်မှာ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်ဖက်က တင်ပြတောင်းဆိုပိုင်ခွင့် တိုက်ရိုက် မရှိပါဘူး၊ သက်ဆိုင်ရာအစိုးရကတဆင့် တိုက်တွန်းတယ်ဆိုတာမျိုးက တိုက်ရိုက်အစိုးရနဲ့ စည်းနှောင်ထားတဲ့ ပုဒ်မမျိုးမရှိဘူးလို့ ကျနော်သုံးသပ်ပါတယ်၊ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်တွေက တင်ပြတဲ့နည်းလမ်းဟာ ကျနော်တို့သွားလိုတဲ့လမ်းကြောင်းနဲ့ ပြောင်းပြန်ဖြစ်နေပါတယ်၊ တစ်နည်းအားဖြင့် အချိန်ယူသွားသလိုဖြစ်သလို အပွင့်များတဲ့အခါမှာ အဓိကဦးတည်ချက်ကို လျော့ရဲသွားစေနိုင်တဲ့ ဆောင်ရွက်မှုမျိုးလို့ ကျနော်တို့ နိုင်ငံသူ နိုင်ငံသားအားလုံးက သုံးသပ်လာနိုင်ပါတယ်"

ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ၆ ပွင့်ဆိုင်တွေ့ဆုံရေး အစား ၁၂ ပွင့်ဆိုင်ဆွေးနွေးပွဲဆိုပြီး တိုးချဲ့စီစဉ်ဖို့အဆိုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောထွန်းအောင်မြင့်က တင်သွင်းခဲ့သလို စစ်ကိုင်းဒေသကြီး လွှတ်တော်မှာ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးကလည်း အရေးကြီးအဆိုအဖြစ် ဒီဇင်ဘာလ ၉ ရက်နေ့မှာ တင်သွင်းခဲ့ကြတာဖြစ်ပါတယ်၊

ဒေါက်တာအေးမောင်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။