ပြီးခဲ့တဲ့ အပတ်ထဲက ရန်ကုန်မြို့ ကနေ ကျောက်ဖြူထောင်ကို ပို့ထားတဲ့ နိုင်ငံရေး အကျဉ်းသား ကိုမျိုးမင်းကို ထောင်ဝင်စာ တွေ့ချိန်မှာ ထောင်တာဝန် ရှိသူတွေက တာဝန်အရ ဆိုပြီး ၁၅ မိနစ်သာ တွေ့ခွင့် ပြုခဲ့တဲ့ အကြောင်း ဇနီးဖြစ်သူ မနီနီမာက RFA ကို ပြောပါတယ်။ ၂၀၀၈ ခုနှစ်က တရားမဝင် သင်းပင်း ဆက်သွယ်မှုနဲ့ထောင်ဒဏ် ၈ နှစ် ချခံထားရတဲ့ HRDP လူ့အခွင့်အရေး မြှင့်တင်သူ ကိုမျိုးမင်းကို ခရီးဝေးလွန်းတဲ့ အတွက် သူ့အနေနဲ့ ၂ နှစ်လောက်ကြာမှ တစ်ခေါက်လောက်သာ ထောင်ဝင်စာ သွားတွေ့နိုင်တယ်လို့ ဇနီးဖြစ်သူ မနီနီမာ က ပြောပြပါတယ်။ ကိုမျိုးမင်းကို ၂၀၀၈ ခုနှစ်က HRDP ခေါင်းဆောင် ဦးမြင့်အေးတို့နဲ့ အတူ ဖေါက်ခွဲရေး အမှု၊ တရားမဝင် အဖွဲ့အစည်းများနဲ့ ဆက်သွယ်မှု စတဲ့ အမှုတွေနဲ့ ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် စစ်ကြောရေးမှာ ညှဉ်းပန်း နှိပ်စက် ခံရပြီးနောက် ထောင်ဒဏ် ချခံခဲ့ရ ပါတယ်။ အင်းစိန်ထောင်မှာ ၄ လနေပြီး ကျောက်ဖြူထောင်ကို ပို့ခဲ့တာ ဖြစ်ပါတယ်။ ကိုမျိုးမင်းရဲ့ဇနီးသည်မှာ ခလေး ၄ ယောက်နဲ့ အတူ ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ အတွက် ထောင်ဝင်စာ ပေးစရာ ယူဆောင်သွားနိုင်တာ မရှိသလို၊ တွေ့ချိန်မှာလည်း ထောက်လှမ်းရေးက အနားမှာ စောင့်ပြီး ရေးမှတ်နေကြောင်း၊ နိုင်ငံရေး အကျဉ်းသားတွေကို ဖမ်းဆီး ထောင်ချတဲ့အပြင် သူတို့ရဲ့ မိသားစုကိုပါ ဒဏ်ပေးထား သလို ဖြစ်နေကြောင်း ဇနီးဖြစ်သူ မနီနီမာ က ပြောပါတယ်။ ကိုမျိုးမင်းဟာ ကျောက်ဖြူထောင်မှာ ၃ နှစ်ရှိသွားပြီ ဖြစ်ပါတယ်။ ကြည့်မြင်တိုင် မြို့နယ်၊ စိတ်ကြီးဦးမြ ရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်းမှာ ကိုမျိုးမင်းဟာ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။