ဝေါမြို့က ဆန္ဒပြသူတစ်ဦး စစ်ကြောရေးက ဒဏ်ရာတွေကြောင့် သေဆုံး

2021.11.30
ဝေါမြို့က ဆန္ဒပြသူတစ်ဦး စစ်ကြောရေးက ဒဏ်ရာတွေကြောင့် သေဆုံး စစ်ကြောရေးမှာရခဲ့တဲ့ ဒဏ်ရာတွေကြောင့် သေဆုံးသွားတဲ့ ပဲခူးတိုင်း ဝေါမြို့နယ်က ကိုစိုင်းမွန်ဇော် ကို တွေ့ရစဉ်
.

ပဲခူးတိုင်း ဝေါမြို့နယ်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားသူ ကိုစိုင်းမွန်ဇော်ဟာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ စစ်ကြောရေးမှာရခဲ့တဲ့ ဒဏ်ရာတွေကြောင့် ဒီနေ့ ကွယ်လွန်ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေ က ပြောပါတယ်။

ကိုစိုင်းမွန်ဇော်ဟာ ဧပြီ ၁၈ ရက်နေ့မှာ ပဲခူးမြို့ပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေ ဝေနေရင်းကနေ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာ ခံခဲ့ရပါတယ်။

ဇွန် ၃၀ ရက်နေ့မှာ ပြန်လွတ်လာပြီးနောက် ငါးလအကြာ နိုဝင်ဘာ ၃၀ ရက် ဒီနေ့မနက် ၄ နာရီမှာ ပဲခူးမြို့ စွယ်တော်ဆေးရုံမှာ ဆေးကုသခံယူရင်း ကွယ်လွန်ခဲ့ရတာလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦး က RFA ကို ပြောပါတယ်။

"လွတ်လာကတည်းက ဆေးကုရတာ ဆေးရုံ၊ ဆေးခန်းနဲ့ အိမ်က တောက်လျောက်ပဲပေါ့။ လူက ပိန်ချုံး ကျသွားပြီးတော့ မစားနိုင်၊ မသောက်နိုင်တော့ဘူး။ သူစားချင်တယ် မဝင်ဘူး။ အဲဒီလိုပုံစံမျိုး ဖြစ်ကုန်တာ။ အတွင်းကြေ သဘောမျိုးပဲ။ ရုပ်ပိုင်းဆိုင်ရာက ပိန်ကျသွားတာလောက်ပဲ ရှိတယ်။ အခု ကျွန်တော် ကြားတာ တော့ ဘေလုံးတွေ၊ ဘာတွေ ကွဲတယ် ကြားတယ်"

ကိုစိုင်းမွန်ဇော်ဟာ အသက် ၂၄ နှစ်အရွယ် အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ပန်းတောင်း) ကျောင်းဆင်း ဖြစ်ကာ အဖမ်းမခံရခင်က ဘာရောဂါအခံမှမရှိဘူးလို့ ပြောပါတယ်။

သူ့ကို ဒီဇင်ဘာ ၂ ရက်နေ့၊ ဝေါမြို့မှာ သင်္ဂြိုဟ်မယ်လို့ ပြောပါတယ်။

RFA က သီးသန့်ပြုစုထားတဲ့ စာရင်းတွေအရ စစ်ကောင်စီရဲ့ ဖမ်းဆီးရိုက်နှက်၊ နှိပ်စက်ခံရတာကြောင့် သေဆုံးခဲ့ရသူတွေဟာ နိုဝင်ဘာ ၂၄ ရက်နေ့အထိ အယောက် ၈၀ အထိ ရှိပြီဖြစ်ပါတယ်။

အဲဒီထဲမှာ မန္တလေးတိုင်းထဲက ၁၈ ယောက်၊ ရန်ကုန်တိုင်းနဲ့ စစ်ကိုင်းတိုင်းက ၁၅ ယောက်၊ ပဲခူးတိုင်းက ၁၁ ယောက်နဲ့ ကျန်တိုင်းနဲ့ ပြည်နယ်က ၂၁ ယောက်တို့ ပါဝင်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။