ဖမ်းဆီးခံထားရတဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကို ရွေးကောက်ပွဲဥပဒေ ချိုးဖောက်တယ်လို့ စွပ်စွဲပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၃၀ (က) နဲ့ ရှမ်းပြည်တောင်ပိုင်း တောင်လေးလုံး အကျဉ်းထောင် တရားရုံးကနေ ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နေ့မှာ ထောင်နှစ်နှစ် ထပ်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒေါက်တာလင်းထွဋ်ကို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အရာရှိက တရားလိုလုပ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့မှာ တရားရုံးကို ဦးတိုက်လျှောက် ထားပြီး တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ဇူလိုင် ၂၇ ရက်မှာ တရားလိုပြ သက်သေသုံးဦးကို စစ်ဆေးခဲ့ပြီး ဇူလိုင် ၂၈ ရက် နေ့မှာတော့ တရားရုံးက စွဲချက်တင်တဲ့အမိန့် ချမှတ်ခဲ့တာပါ။
ထောင်တွင်းတရားရုံးက စွဲချက်တင်အမိန့်ချပြီးနောက် ရုံးချိန်းသုံးချိန်းမှာပဲ ထောင်ထပ်ချ လိုက်တာလို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“တရားလိုက တရားရုံးကို ဦးတိုက်လျှောက်ပြီး တရားရုံးက စွဲချက်တင်အပြီးမှာ ရုံးချိန်း က သုံးချိန်းပဲ ကြာလိုက်တယ်။ ထောင်ဒဏ်နှစ်နှစ်ဆိုပြီး အမိန့်ချလိုက်တာ”
ဒေါက်တာလင်းထွဋ်ဟာ အင်းလေးဇုန်ဝင်ကြေးကိစ္စ တင်ဒါအောင် ကုမ္ပဏီတွေဆီကနေ ငွေကျပ်သိန်းပေါင်း တစ်သောင်းကျော် ပေးသွင်းဖို့ကျန်နေတာ၊ ကိုဗစ်ကာကွယ်ရေး ရန်ပုံ ငွေသုံးစွဲမှုမှာ ကွာခြားချက်တွေရှိနေတာ စတဲ့ စွပ်စွဲချက်တွေနဲ့ စစ်ကောင်စီရဲ့ အဂတိလိုက် စားမှု တိုက်ဖျက်ရေး ကော်မရှင်က တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့တာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့မှာပဲ ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခံထားရပါတယ်။
