မြန်မာနိုင်ငံက နေရာဒေသတော်တော်များများမှာ တန်ဖိုးနည်း ၁၅၀၀ ကျပ်တန် CDMA 800Mhz မိုဘိုင်းဖုန်း ဆင်းကဒ်တွေကို မနေ့က မနက်ပိုင်းကစတင်ပြီး ရောင်းချပေးခဲ့ပေမယ့် ဝယ်ယူတဲ့ပြည်သူတွေမှာ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ကြပါတယ်။
အစိုးရကချမှတ်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ မဲစနစ်နဲ့ မိုဘိုင်းဖုန်းဆင်းကဒ်တွေ တစ်အိမ်တစ်ယောက်နှုန်း လျှောက်ထားခွင့်အတိုင်း မပြုလုပ်ပဲ မနေ့ကရောင်းချတဲ့အခါမှာ အဲ့ဒီစနစ်အတိုင်း အာဏာပိုင်တွေဘက်က မပြုလုပ်ခဲ့ဘူးလို့ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်မှာနေထိုင်တဲ့ အိမ်ရှင်မတစ်ဦးက RFA ကို ပြောပါတယ်။
"ကြေညာထားတဲ့ စည်းကမ်းအတိုင်း မဟုတ်ပဲနဲ့ ဘယ်နှစ်ယောက်လျှောက်လျှောက် ကိုယ်တိုင်နှိုက်စရာမလိုဘူး၊ ကိုယ်စားနှိုက်ရမယ်ဆိုတဲ့အတွက် တစ်ဦးတည်းလျှောက်မိတဲ့ ကျွန်မတို့အတွက် အခွင့်အရေး လျော့နည်းသွားပါတယ်။"
အလားတူ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်မှာလည်း ပြည်သူတွေကို အစိုးရချမှတ်ထားတဲ့ မဲစနစ်နဲ့ ရောင်းချပေးတာမျိုးမရှိပဲ ဦးရာလူစနစ်နဲ့သာ ရောင်းချပေးခဲ့တယ်လို့ မြို့ခံတစ်ဦးက အခုလို ပြောပါတယ်။
"ပုသိမ်ကြီးမှာတော့ မဲနှိုက်ခွင့်မရဘူး၊ အရင်ရောက်တဲ့သူကို ရောင်းပေးတယ်။နေ့ခင်းမှာ အလုပ်သွားကြတာဆိုတော့ လျှောက်တဲ့သူမရှိဘူး ခင်ဗျ၊ SB၊စရဖတို့က သူတို့နဲ့ ရင်းနှီးသူတွေကို ဖုန်းကဒ်တွေ ပေးတယ်"
တချို့မြို့နယ်တွေမှာကတော့ တန်ဖိုးနည်း ၁၅၀၀ မိုဘိုင်းဖုန်းဆင်းကဒ်ကို တစ်အိမ်တစ်ယောက်နှုန်း မဲစနစ်အတိုင်း ရောင်းချပေးခဲ့ပြီး နောက်နေ့တွေလည်း ဒေသအနံှ့မှာ ဆက်လက်ရောင်းချသွားဖို့ ရှိပါသေးတယ်လို့ သိရပါတယ်။