အာဏာသိမ်း ငါးနှစ်အတွင်း မြန်မာပြည်သူတွေ ရှင်သန်ရပ်တည်ရေးပိုခက်ခဲလာ

အာဏာသိမ်းငါးနှစ်အတွင်း သန်းနဲ့ချီတဲ့ပြည်သူတွေ အိုးအိမ်စွန့်ခွာရပြီး ဖမ်းဆီး၊ သတ်ဖြတ်ခံရတဲ့ အရေအတွက်ကလည်းမြင့်တက်လာပါတယ်။

“ကျွန်မတို့နိုင်ငံ အမှောင်ကျတာငါးနှစ်ပြည့်တဲ့နေ့ဖြစ်ပါတယ်။ ပြည်သူ့အာဏာကိုမတရားသိမ်းယူခံရတာ ငါးနှစ်တင်းတင်းပြည့်တဲ့နေ့ဖြစ်ပါတယ်”

စစ်တပ်အာဏာသိမ်းထားတာငါးနှစ်ပြည့်ခဲ့ပါပြီ။ ဒါပေမဲ့ လူငယ်တွေဟာ ဆက်ပြီးတော်လှန်‌နေတာတွေ့ရပါတယ်။

“ရန်ကုန်က တော်လှန်ဆဲ၊ ပုန်ကန်ဆဲ။ ရန်ကုန်ကတော်လှန်ဆဲ ပုန်ကန်ဆဲ”

ဒီငါးနှစ်အတွင်းမှာ မမြသွဲ့သွဲ့ခိုင်၊ မကြယ်စင်၊ ညီညီအောင်ထက်နိုင်၊ ကဗျာဆရာကေဇဝင်း တို့လို လမ်းပေါ်မှာအသတ်ခံရတဲ့သူတွေအပါအဝင်၊ ဒီနေ့ဖမ်းသွားပြီး နောက်နေ့သေသွားတဲ့ ကိုစိုးမိုးလှိုင်၊ ကဗျာဆရာ ခက်သီ တို့လိုဖြစ်ရပ်တွေက မှတ်တမ်းခိုင်ခိုင်မာမာရှိခဲ့ပါတယ်။

အခုလို အသက်ဆုံးရှုံးခဲ့ရတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူရှစ်ထောင်နီးပါး (၇၇၃၈ ဦး) ရှိပြီး သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လူပေါင်း သုံးသောင်းကျော် (၃၀၃၅၇) ဖမ်းဆီးခံခဲ့ရသလို နှစ်သောင်းကျော်က ဒီနေ့အထိ ထောင်အသီးသီးမှာရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာထုတ်ပြန်ပါတယ်။

ထောင်တွေထဲမှာသေဆုံးရတဲ့ နိုင်ငံရေးအကျဥ်းသားက ၂၇၀ ကျော်ရှိတယ်လို့ Myanmar Prison Witness အဖွဲ့က ထုတ်ပြန်ပါတယ်။ ‌NLD ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ဒေါက်တာဇော်မြင့်မောင်၊ မုံရွာ အောင်ရှင်တို့လို အကျဥ်းထောင်ကလွတ်ပြီး မကြာခင်မှာသေဆုံးသွားတဲ့ဖြစ်ရပ်တွေလည်းရှိခဲ့ပါတယ်။

ရွာတွေမှာ စစ်တပ်ကမီးရှို့လို့ပျက်စီးရတဲ့အိမ်ပေါင်းက တစ်သိန်းကျော်ရှိပြီး စစ်ကိုင်းတိုင်းက ခုနစ်သောင်း ကျော်နဲ့အများဆုံးဖြစ်တယ်လို့ Data For Myanmar အဖွဲ့ကလည်းထုတ်ပြန်ပါတယ်။

ပြည်တွင်းမှာအိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် သုံးသန်းခြောက်သိန်းကျော် (၃၆၈၅၂၀၀) ရှိတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ကဖော်ပြထားပြီး စားနပ်ရိက္ခာ အကူအညီလိုနေတဲ့သူ ၁၆ သန်းကျော်ရှိတယ်လို့လည်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) ကပြောထားပါတယ်။

ရခိုင်ပြည်နယ်မှာဆိုရင် စစ်တပ်က အဘက်ဘက်ကနေ ပိတ်ဆို့ထားလို့ ပြည်သူတွေ အတော်ခက်ခဲတယ်လို့ သံတွဲမြို့နယ်က စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။

“ရခိုင်မှာ ဆေးကုသဖို့ အခက်အခဲရှိလို့ သေဆုံးသွားတဲ့သူတွေလည်း အများကြီးပဲရှိတယ်။ ကျန်းမာရေးအကန့်အသတ်ရှိတယ်။ ပညာရေးအကန့်အသတ်ရှိတယ်။ စီးပွားရေးစသဖြင့် အရာရာမှာ အကန့်အသတ်ရှိနေတဲ့အတွက် ပြည်သူတွေကပိတ်ဆို့လှောင်ထားတဲ့ အခြေအနေမှာ ဖြစ်သလိုရှင်သန်ဖို့ရုန်းကန်နေရတာပေါ့”

စစ်ဗိုလ်ချုပ်ဟောင်းတွေဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကလည်း ဒီငါးနှစ်အတွင်း သူတို့ပါတီက တစ်ထောင်ကျော်အသတ်ခံရတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ဇန်နဝါရီ ၂၃ ရက်နေ့မှာပြောတာကိုတွေ့ရပါတယ်။

“ကျွန်တော်တို့အသတ်ခံရတာတွေများတာပေါ့။ ထောင့်နှစ်ရာကျော်လောက်။ ကျွန်တော်တို့ကိုလိုလားတဲ့ အားပေးထောက်ခံတဲ့သူတွေနဲ့ပေါင်းလိုက်ရင်အများကြီးပေါ့”

တဘက်မှာလည်း စစ်တပ်နဲ့ သူ့ရဲ့လက်အောက်ခံအဖွဲ့တွေရဲ့သတင်းပေးတွေကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အညာဒေသမှာ စစ်ကြောင်းထိုးခံရ၊ နေအိမ်တွေမီးရှို့ခံရ၊ လူတွေအသတ်ခံရလို့ ပြည်သူတွေအိုးမဲ့အိမ်မဲ့ဘ၀ကိုရောက်ကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်အာဏာရှင်ယန္တယားမလည်ပတ်နိုင်အောင် အလုပ်မဆင်းကြတော့တဲ့ ဝန်ထမ်းတွေလည်းထောင်ပေါင်းများစွာရှိခဲ့ပါတယ်။

“သူတို့က စစ်အာဏာသိမ်းပြီးတော့ ဒီနိုင်ငံကို ဆင်းရဲတွင်းထဲကိုပြန်ခေါ်သွားတယ်ဆိုတဲ့ကိစ္စက ကျနော်တို့ ဝန်ထမ်းတွေအတွက်၊ နိုင်ငံသူနိုင်ငံသားတွေအတွက်မဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်။ အဲဒီအတွက်ကြောင့် အာဏာသိမ်းမှုကို လုံး၀လက်မခံဘူး။ လုံး၀လက်မခံတဲ့အတွက် CDM လုပ်ခဲ့ရခြင်းဖြစ်ပါတယ်”

စစ်တပ်ရဲ့ နောက်ထပ်ဖိနှိပ်မှုတစ်ခုက အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်က ရေးဆွဲခဲ့တဲ့ စစ်မှုထမ်း ဥပဒေကို အသက်သွင်းပြီး လူငယ်တွေကိုစစ်တပ်ထဲဆွဲသွင်းခဲ့တာပါ။ စစ်သင်တန်းအပတ်စဉ်တစ်ခုမှာ လူငယ် ၅၀၀၀ ခေါ်မယ်လို့ ကြေညာထားတာကြောင့် လက်ရှိမှာ စစ်မှုထမ်းအမှတ်စဉ် (၂၁) အထိရောက်နေတဲ့အတွက် လူငယ် တစ်သိန်းကျော် (၁၀၅၀၀၀) စစ်မှုထမ်းဖို့ စုဆောင်းခံထားခဲ့ရတယ်လို့ နားလည်ရပါတယ်။

အခုလိုမျိုး စစ်အာဏာသိမ်းကာလအတွင်း နစ်နာခဲ့ရတဲ့ပြည်သူတွေအတွက် ကျူးလွန်သူတွေကို အရေးယူနိုင်အောင်ဝိုင်းပြီးကျိုးစားရမယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဦးအောင်မျိုးကျော်က ပြောပါတယ်။

“ခေတ်အဆက်ဆက်မှာ လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်တဲ့သူတွေ အပြစ်ပေးအရေးယူခံရခြင်းကနေကင်းလွတ်နေတဲ့ဓလေ့။ ဒီဓလေ့ကြီးကို နွေဦးတော်လှန်ရေးကနေတိုက်ဖျက်သွားမှာဖြစ်တယ်။ နွေဦးတော်လှန်ရေးနိုင်တဲ့အချိန်မှာ ခံစားနစ်နာခဲ့ရတဲ့သူတွေအတွက် တရားမျှတမှု သေချာပေါက်ပြန်လည်ရရှိရမယ်”