ကျောင်းနေအရွယ်ကလေး ခြောက်သန်းကျော် ပညာသင်ယူခွင့် ဆုံးရှုံးနေ

ဒီနှစ် အခြေခံပညာကျောင်းအပ်နှံသူ ဦးရေ ၆.၇ သန်းဝန်းကျင်သာရှိပြီး နိုင်ငံတစ်ဝန်း ကျောင်းနေအရွယ်ကလေးဦးရေ ခန့်မှန်း ၁၃ သန်းဝန်းကျင်နဲ့ နှိုင်းယှဉ်ရင် ကျောင်းမတက်နိုင်သူတစ်ဝက်နီးပါးအထိ ရှိနေ။

၂၀၂၆–၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် စာသင်ကျောင်းတွေကို စွန့်ခွာထားရပြီး အခြေခံပညာသင်ယူခွင့် ဆုံးရှုံးနေတဲ့ ကျောင်းနေအရွယ် ကလေး ၆.၃ သန်းကျော် ရှိတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့ (ISP Myanmar) က ဇွန်လ ၂၃ နေ့မှာ စစ်တမ်း ထုတ်ပြန်လိုက်ပါတယ်။

စစ်တပ်ခန့်အစိုးရက ပညာရေးကို “နိုင်ငံတည်ဆောက်ရေးအတွက် အဓိကအင်အား” လို့ ပြောပြီး လူငယ်တွေကို စနစ်တကျမြှင့်တင်နေသလို ပညာရေးဘတ်ဂျက်လည်း တိုးသုံးမယ်ဆိုပြီး မကြာခဏပြောဆိုနေပေမယ့် အခြေခံပညာသင်ယူခွင့် ဆုံးရှုံးနေသူ ၆.၃ သန်းကျော်ရှိနေတယ်လို့ ISP Myanmar က ဆိုပါတယ်။

ISP Myanmar ရဲ့ အချက်အလက်တွေအရ ဒီနှစ် ပညာသင်နှစ်မှာ အခြေခံပညာကျောင်းအပ်နှံသူ ဦးရေဟာ ၆.၇ သန်းဝန်းကျင်သာရှိပြီး နိုင်ငံတစ်ဝန်း ကျောင်းနေအရွယ်ကလေးဦးရေ ခန့်မှန်း ၁၃ သန်းဝန်းကျင်နဲ့ နှိုင်းယှဉ်ရင် ကျောင်းမတက်နိုင်သူအရေအတွက်ဟာ တစ်ဝက်နီးပါးအထိ ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်အဆက်ဆက်ဟာ ပညာရေးကို စစ်ရေးလောက် တန်ဖိုးမထားခဲ့ကြတော့ ကျောင်းပြင်ပမှာ ကလေးတွေက ပိုများနေရတာဖြစ်တယ်လို့ အငြိမ်းစားပညာရေးဝန်ထမ်းတစ်ဦးက RFA ကို ပြောပါတယ်။

“မင်းအောင်လှိုင်ကအစ သူ့အရင်စစ်တပ်ခေါင်းဆောင်တွေဟာ ပညာရှင်တွေကို ဖမ်းဆီးထောင်ချခဲ့တဲ့သမိုင်းတွေ အစဉ်အလာတွေရှိခဲ့တယ်လေ၊ ပညာတတ်တွေကိုလည်း လိုလားတဲ့သူတွေမှ မဟုတ်တာ။ ပညာရေးကို စစ်ရေးတို့၊ အုပ်ချုပ်ရေးတို့လောက် အရေးမပေးခဲ့လို့ လမ်းဘေးမှာ ကလေးတွေ ပလုံကောက်ပြီး ဝမ်းရှာနေရတာတွေ၊ ကလေးလုပ်သားတွေ၊ ကလေးစစ်သားတွေကို တွေ့နေမြင်နေရတာပေါ့”

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် စစ်ဘေးရှောင်နေရတာ၊ စီးပွားရေးကျဆင်းတာနဲ့ အခြေခံကုန်စျေးနှုန်းမြင့်တက်လာတာတွေက ကျောင်းထွက်နှုန်းမြင့်လာစေတဲ့ အဓိကအကြောင်းရင်းတွေ ဖြစ်နေတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

တစ်ဆက်တည်းမှာ အဆင့်ခွဲခြားသတ်မှတ်တဲ့ စနစ်ကို အသက်ကန့်သတ်ချက်နဲ့ အကောင်အထည် ဖော်လာတာကြောင့် အထက်တန်းအရွယ် ကျောင်းပြန်တက်လိုသူတွေ အခက်အခဲတွေ့နေသလို စစ်ဘေးတိမ်းရှောင်နေရတဲ့ ကျောင်းသားတွေမှာ ကျောင်းထွက်လက်မှတ်နဲ့ ကျောင်းပြောင်းလက်မှတ်မရှိတာကြောင့် ကျောင်းအပ်လို့မရတဲ့ ပြဿနာတွေရှိနေတယ်လို့ ISP Myanmar က ထောက်ပြပါတယ်။

မြန်မာ့ပညာရေးဟာ အာဏာမသိမ်းခင်ကာလအခြေအနေလို ပြန်လည်ရောက်ရှိဖို့ ခက်ခဲနေဆဲဖြစ်ပြီး စီးပွားရေးအခက်အခဲကြောင့် မိသားစုကိုကူညီဖို့ ကျောင်းထွက်သူတွေများလာတာ၊ ကျောင်းစရိတ်မတတ်နိုင်သူတွေများလာတာ၊ စစ်ရေးပဋိပက္ခကြောင့် ပြောင်းရွှေ့ထွက်ခွာရသူတွေ များလာတာနဲ့ နိုင်ငံခြားထွက်အလုပ်လုပ်ဖို့ ကျောင်းစွန့်ခွာသူတွေလည်း များလာတယ်လို့ ISP Myanmar စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူဦးရေမှာ သိသိသာသာကျဆင်းလာပြီး ၂၀၂၀ ပြည့်နှစ်က ကိုးသိန်းကျော်ရှိရာကနေ ၂၀၂၆ ခုနှစ်မှာ နှစ်သိန်းခွဲဝန်းကျင်သာ ရှိတော့တယ်လို့လည်း ဆိုပါတယ်။

ပဋိပက္ခအတွင်း အစားထိုးပညာရေးအစီအစဉ်တွေကို အဖွဲ့အစည်းအသီးသီးက ကြိုးပမ်းနေကြပေမယ့် လုံခြုံရေးအခြေအနေ၊ အခြေခံအဆောက်အအုံမလုံလောက်မှုတွေကြောင့် အကန့်အသတ်တွေ ရှိနေဆဲဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အချက်အလက်တွေအရ ၂၀၂၃–၂၀၂၄ ပညာသင်နှစ်အတွင်း မြေပြင်ကျောင်းတွေမှာ ကျောင်းသား ၇၂၇,၈၆၀ ဦးကို ပညာသင်ကြားပေးခဲ့တယ်လို့ ဆိုထားပေမယ့် ၂၀၂၆–၂၀၂၇ အခြေအနေကိုတော့ မသိရသေးပါဘူး။

တစ်ဖက်မှာလည်း တအာင်းပြည်ပညာရေးကောင်စီ (Ta’ang Land Education Council – TLEC) ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၄–၂၀၂၅ ပညာသင်နှစ်အတွင်း ကျောင်းသား ၇၀,၀၀၀ နီးပါးကို ပညာသင်ကြားပေးခဲ့ပြီး အခုပညာသင်နှစ်မှာတော့ စစ်ရေးအခြေအနေကြောင့် စာသင်ကျောင်း ၂၀၀ ဝန်းကျင် ပိတ်ထားရသလို ကျောင်းအပ်နှံမှုလည်း လျော့နည်းလာတယ်လို့ ဆိုပါတယ်။

ပညာရေးကဏ္ဍအတွက် နိုင်ငံတော်ဘတ်ဂျက်သုံးစွဲမှုဟာ ၂၀၂၄–၂၀၂၅ ခုနှစ်မှာ ၆.၀၃ ရာခိုင်နှုန်း၊ ၂၀၂၆–၂၀၂၇ ခုနှစ်မှာ ၆.၉၂ ရာခိုင်နှုန်းရှိပြီး လာမယ့်နှစ်တွေမှာ ၁၀ ရာခိုင်နှုန်းအထိ တိုးမယ်လို့ စစ်တပ်ခန့်အစိုးရက ပြောဆိုထားပေမယ့် ၂၀၂၀–၂၀၂၁ မတိုင်ခင်က ၈ ရာခိုင်နှုန်းကျော်အဆင့်ကိုတောင် မပြန်ရောက်သေးဘူးလို့ သုံးသပ်ချက်တွေရှိနေပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရရဲ့ ပညာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။