မကွေးတိုင်းမှာ စစ်ဘေးဒုက္ခသည် တစ်သိန်းကျော် အရေးပေါ်အကူအညီလိုအပ်နေ

မေလ ၁ရက်နေ့ကစပြီး ရိက္ခာ၊ ဆေးဝါးနဲ့ စက်သုံးဆီ သယ်ယူပို့ ဆောင်ရောင်းချခွင့် ကန့်သတ်ခံထားရတာကြောင့် ဒုက္ခသည်တွေအတွက် ရိက္ခာရဖို့ ခက်ခဲနေ။

ချင်းနဲ့ ရခိုင်ပြည်နယ်ကို ထိစပ်နေတဲ့ မကွေးတိုင်းထဲက အဓိကလမ်းကြောင်းတွေကို စစ်တပ်က ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့အတွက် စစ်ရေးပြင်းထန်နေပြီး ဒုက္ခသည်တစ်သိန်းကျော် အကူအညီ လိုနေတယ်လို့ RFA ကစုံစမ်းသိရှိရပါတယ်။

ပုသိမ်-မုံရွာလမ်း၊ စလင်း-ကံပြား-စေတုတ္တရာလမ်း၊ သီးကုန်း-ဆော-ကံကြီး- ကျောက်ထုလမ်း၊ ကျောက်ထု-တပြင်း-ပေါက်လမ်းနဲ့ ပခုက္ကူ-မြစ်ခြေလမ်းတို့ကိုစိုးမိုးဖို့ စစ်တပ်ကစစ်ကြောင်းထိုး နေတာပါ။

ပြီးခဲ့တဲ့ မေလ ပထမပတ်လောက်ကစပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ ပခုက္ကူ မြို့နယ် မြစ်ခြေနယ်ထဲမှာ အိမ်တွေမီးရှို့သွားတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတဲ့သူ နှစ်သောင်းဝန်း ကျင်ရှိတဲ့အကြောင်း RFA ကတင်ပြခဲ့ပါတယ်။

သူတို့အတွက် အရေးပေါ်စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ မြစ်ခြေမြို့ နယ်မြေ ၁ လူသားစာနာဌာန တာဝန်ခံ ကိုနဂါးလေးက ပြောပါတယ်။

“စစ်ရှောင်တွေအဓိကလိုတာ စားနပ်ရိက္ခာ၊ ဆန်အဓိက လိုအပ်တာပေါ့။ ဆန်အပြင် မိုးတွင်းကာလ ဖြစ်တော့ မိုးကာတွေနဲ့ ဆေးဝါးတွေ လိုအပ်တယ်။ တချို့ရေတွေမသန့်တာကြောင့် ဝမ်းပျက်ဝမ်း လျှောတွေ အရေပြားရောဂါတွေ အဖြစ်များနေတာတွေ့ရတယ်”

ပေါက်မြို့နယ်ထဲမှာလည်း စစ်တပ် လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးတွေ အားကောင်းတဲ့ ကုက္ကိုလ်စုရွာနဲ့ ရေပြာရဲစခန်းကို အခုဇွန်လဆန်းမှာ တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက် ပြီးတဲ့နောက် စစ်ရေးပြင်းထန်နေလို့ ဘေးလွတ်ရာရှောင်နေရတဲ့သူ ၈၅ဝဝ ဝန်းကျင်ရှိနေတယ်လို့ ဒေသအခြေစိုက် ကူညီနေတဲ့အဖွဲ့တွေကပြောပါတယ်။

ဒီလိုဖြစ်နေတဲ့အချိန်မှာ စစ်တပ်က မေလ ၁ရက်နေ့ကစပြီး ရိက္ခာ၊ ဆေးဝါးနဲ့ စက်သုံးဆီ သယ်ယူပို့ ဆောင်ရောင်းချတာတွေကို ကန့်သတ်ထားတဲ့အတွက်ကြောင့် စစ်ဘေးဒုက္ခသည်တွေအတွက် ရိက္ခာရဖို့ ခက်ခဲနေတယ်လို့ NUG ပေါက်မြို့နယ် လူသားစာနာဌာန တာဝန်ခံ က ပြောပါတယ်။

“ပေါက်ဆိုရင် ကုန်စည်ဝင်တဲ့လမ်းကြောင်းက ဆိပ်ဖြူ-ပခုက္ကူ-ကမ္မလမ်းကြောင်းတွေရှိတယ်။ ပခုက္ကူဘက်က အဓိကစီးဆင်းတာပေါ့။ ကျွန်တော်တို့ဘက်က သွားတဲ့ကုန်စည်ကို လက်ခံပြီး အဲဒီ ကနေထွက်တဲ့ ကုန်စည်မှန်သမျှ ဘာမှပြန်သယ်လို့မရဘူး ခါလီပဲ ပြန်ရတယ်။ အဲ့တော့ ကျွန်တော်တို့ လိုတာတွေ ရဖို့ တခြားနည်းလမ်းတွေနဲ့ ကြိုးစားရတယ်။ အဲ့တော့ လိုချင်တဲ့ပစ္စည်းတွေရဖို့ စျေးအဆ မတန်ပေးရတယ်၊ အချိန်ပေးရတယ်၊ လိုချင်သလောက်မရဘဲ အကန့်အသတ်နဲ့ပဲ ဝယ်လို့ရတယ်”

မကွေးတိုင်းထဲက ဒုက္ခသည်တွေအရေးနဲ့ပတ်သက်လို့ စစ်တပ်ခန့် တိုင်းအစိုးရ ပြောရေးဆိုခွင့် ရှိသူတွေကို RFA က လတ်တလောမှာဆက်သွယ်လို့ မရသေးပါဘူး။

ပြီးခဲ့တဲ့မေလဟာ မကွေးတိုင်းထဲမှာ အခုနှစ်အတွင်း စစ်ရေးအပြင်းထန်ဆုံးနဲ့ စစ်ဘေးဒုက္ခ သည်ဦးရေ အများဆုံးတိုးလာတဲ့ကာလဖြစ်တယ်လို့ တမာဖွံ့ဖြိုးရေးအင်စတီကျုရဲ့ သုတေသနနဲ့ ပညာရေးဆိုင်ရာ ညွှန်ကြားရေးမှူး မမေက ပြောပါတယ်။

“စစ်အုပ်စုက ဧပြီ ၂ဝ ကနေ ဇူလိုင် ၃၁ ရက်နေ့အထိ ရက် တစ်ရာ စီမံချက်ချပြီးနောက် မကွေးတိုင်း ထဲမှာ စစ်ကြောင်းထိုးမီးရှို့တာတွေ၊ လေကြောင်းတိုက်ခိုက်တာတွေ ပိုတိုးလုပ်လာတာ တွေ့ရတယ် ဧပြီလမှာတုန်းက လေကြောင်းတိုက်ခိုက်တာ ၃၉ ကြိမ် ရှိတယ် မေလရောက်တော့ ၁ဝ၄ ကြိမ်အထိ သုံးဆ နီးနီးမြင့်တက်သွားတာ တွေ့ရတယ်။ မေလအတွင်းမှာကို စစ်ဘေးရှောင် အရေအတွက်က ခြောက်သောင်းကျော် (၆၆,၅၀၀ ဦး) အထိ ရှိလာခဲ့တယ်။”

တမာဖွံ့ဖြိုးရေးအင်စတီကျု စာရင်းတွေ အရ အခုနှစ် ဇန်နဝါရီကနေ မေလအထိ ငါးလအတွင်း စစ်ဘေးဒုက္ခသည်စုစုပေါင်း တစ်သိန်းလေး သောင်းကျော် (၁၄၂,၅၀၀) ရှိတယ်လို့သိရပါတယ်။ ဒါ့အပြင် ဒီငါးလအတွင်း ဒေသခံ ၁၂၄ ယောက်အသက် ဆုံးရှုံးပြီး အိမ်နဲ့ အဆောက်အအုံ လေးထောင်ကျော် (၄,၀၉၆ လုံး) မီးရှို့ဖျက်ဆီးခံရပါတယ်။

မေလ တစ်လတည်းမှာတင် စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တာ၊ မီးရှို့ဖျက်ဆီးတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အရပ်သား ၂၈ ဦး သေဆုံးပြီး အိမ် နှစ်ထောင်ကျော် (၂,၂၁၅ လုံး) ပျက်စီးခဲ့တယ်လို့ တမာဖွံ့ဖြိုးရေးအင်စတီကျုစာရင်းတွေမှာ ဖော်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း တိုက်ပွဲတွေကြောင့် ပြည်တွင်းနေရပ် ရွှေ့ပြောင်းရသူ ၃ ဒဿမ ၇ သန်းကျော်ရှိပြီး မကွေးတိုင်းထဲမှာ နှစ်သိန်းရှစ်သောင်း(၂၈၀,၀၀၀) ရှိနေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ရဲ့ ၂ဝ၂၆ ခုနှစ် ဇွန်လ ၈ ရက်နေ့အထိ စာရင်းမှာ ဖော်ပြထားပါတယ်။