မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်တပ်က ကုန်ပစ္စည်း သယ်ယူခွင့်တွေကို မေလ ၁၉ ရက် ဒီကနေ့အထိ ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
လက်ရှိမှာ စစ်တပ်က ပခုက္ကူမြို့နယ်ထဲကို အင်အားအလုံးအရင်းနဲ့ အပြင်းအထန် စစ်ကြောင်းထိုးနေတာပါ။
အခုလို ထိုးစစ်ဆင် စစ်ကြောင်းထိုးနေချိန် ဒေသတွင်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ စားနပ် ရိက္ခာပြတ်အောင် ဖြတ်လေးဖြတ် ပုံစံ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာလို့ ပခုက္ကူဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“ပခုက္ကူကနေ ဘာကုန်မှကို သယ်လို့မရဘူး။ ပခုက္ကူကို ကုန်ပို့ပဲ ရတယ်။ အဲကနေ ဘာကုန်မှ သယ်လို့မရဘူး။ အခုက စစ်ကြောင်းတွေက ဒီဘက်တစ်ကြောမှာ နယ်တိုင်းလိုလိုမှာ အင်အား အလုံးအရင်းနဲ့ကို ပတ်ထိုးနေတာ။ စစ်ဆင်ရေး ကိစ္စကြောင့် ကုန်ပစ္စည်း ဖြတ်တောက်တာ ရိက္ခာဖြတ်တောက်တာ ဖြတ်လေးဖြတ် ပုံစံမျိုး လုပ်နေတာ ဖြစ်တယ်။”
အရင်ကတော့ ပခုက္ကူမြို့ဘက်ကနေ ကုန်ပစ္စည်းတွေကို သယ်ယူခွင့် ပိတ်ခဲ့ပေမယ့်လည်း ညောင်ဦး၊ ဆိပ်ဖြူ စတဲ့မြို့တွေကနေ ပတ်သယ်ယူလို့ ရသလို အခု လက်ရှိအချိန်မှာတော့ စစ်တပ်က အဲဲဒီမြို့တွေပါ သယ်ယူခွင့် ပိတ်ဆို့ထားတယ်လို့ ပြောပါတယ်။
ဒီလို ကုန်ပစ္စည်းသယ်ယူခွင့်ပိတ်ထားတဲ့အတွက်ကြောင့် ဒေသတွင်း ပြည်သူတွေ စားနပ်ရိက္ခာ ရှားပါးပြတ်လတ်မှု ဖြစ်နေပြီး ကုန်စျေးနှန်းကြီးတာကိုပါ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သတ်လို့ စစ်တပ်ခန့် အစိုးရကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရပါဘူး။
လက်ရှိမှာ ပခုက္ကူကနေ ညောင်ဦးဘက်နဲ့ ဆိပ်ဖြူဘက်တွေကို သယ်ယူခွင့် ပိတ်ထားသလို စစ်ကြောင်းကလည်း မြစ်ခြေမြို့ထဲ ဝင်ရောက်နေလို့ တစ်မြို့လုံးနီးပါး ဘေးလွှတ်ရာ ထွက်ပြေ နေရတယ်လို့ ပြောပါတယ်။
စစ်တပ်က မကွေးတိုင်း၊ ပခုက္ကူမြို့နဲ့ နယ်မြေချင်း ထိစပ်နေပြီး တော်လှန်ရေး အားကောင်းတဲ့ ပေါက်၊ မြိုင် နဲ့ ရေစကြိုမြို့နယ်တွေကို စစ်ကြောင်းထိုး နေတာကြောင့် အခုလို့ စားသောက်ကုန် အပါအဝင် ကုန်ပစ္စည်းသယ်ယူခွင့်တွေကို ပိတ်ဆို့နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
