ပေါက်မြို့နယ် ရေပြာရဲစခန်းကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်

ရေပြာရဲစခန်းမှာ အခြေစိုက်တပ်စွဲထားတဲ့ စစ်သားတွေနဲ့ ပျုစောထီးအင်အား တစ်ရာနီးပါးက စခန်းစွန့်ခွာထွက်ပြေးသွား။

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့မြိုင်မြို့နယ်ကြားမှာရှိတဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့ ရေပြာရဲစခန်းကို ဇွန်လ ၂ ရက်နေ့မနက်ပိုင်းမှာ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထိန်းချုပ်လိုက်တယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေက RFA ကို ပြောပါတယ်။

တိုက်ပွဲအတွင်း ရေပြာရဲစခန်းမှာ အခြေစိုက်တပ်စွဲထားတဲ့ စစ်သားတွေနဲ့ ပျုစောထီးအင်အား တစ်ရာနီးပါးက စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ အဲဒီအခြေအနေကိုသိတဲ့ ဒေသခံသတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။

“လေကြောင်းကလည်း ရေပြာတိုက်ပွဲရော ကုက္ကိုလ်စုဘက်ရောကို ကြဲတာ ၂၂ ကြိမ်လောက်ရှိတယ်။ သုံးနေရာကို တစ်ပြိုက်နက်တည်း ထိုးစစ်ဆင်တိုက်ခဲ့ပေမဲ့ ကျန်တဲ့နေရာကတော့ အနိုင်အရှုံးအဖြေမထွက်ဘူး။ ရေပြာကိုတော့ သိမ်းလိုက်နိုင်တယ်လို့ ကြားပါတယ်”

ပေါက်မြို့နယ်အတွင်းက စစ်တပ်နဲ့ပျူစောထီးတွေထိန်းချုပ်ထားတဲ့ ကုက္ကိုလ်စုရွာ၊ ဘုရားတောင်ရွာ စစ်တပ်ကင်းစခန်းနဲ့ ရေပြာရဲစခန်းတို့ကို ဇွန်လ ၂ ရက်နေ့မှာ တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ရေပြာရဲစခန်းကနေ စစ်လက်နက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိထားသလို ပြည်သူ့စစ်မှုထမ်းတပ်သား စစ်သုံ့ပန်းတချို့လည်း ဖမ်းဆီးရမိထားတယ်လို့ သူကဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ရေပြာရဲစခန်းကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်သိမ်းပိုက်ပြီးနောက် လေကြောင်းကနေ ဆက်တိုက်တိုက်ခိုက်ခံရသလို ပျုစောထီးတွေထိန်းချုပ်ထားတဲ့ ကုက္ကိုလ်စုရွာကို ဇွန်လ ၃ ရက်နေ့က Y-12 လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ရွာခံ နှစ်ဆယ်ထက်မနည်း သေဆုံးခဲ့သလို တစ်ရာနီးပါးကိုလည်း တော်လှန်ရေးအင်အားစုတွေက ကယ်ထုတ်ထားတယ်လို့ စစ်ရေးအခြေအနေကို သိသူတစ်ဦးက ပြောပါတယ်။

“ရေပြာကိုရော ကုက္ကိုလ်စုကိုရော တစ်နေ့ထဲတိုက်တာပေမဲ့ ရေပြာကတော့ရခဲ့တယ်။ ဇွန်လ ၄ ရက်နေ့ ကုက္ကိုလ်စုရွာကို မနက် ၃ နာရီကစတိုက်တယ်။ မနက် ၈ နာရီဆို ရွာထဲက ဘန်ကာတွေနား ရဲဘော်တွေရောက်နေပြီပေါ့နော်။ လက်နက်ကိုင်ထားတဲ့ ပျုစောထီး အယောက်လေးဆယ်လောက်က ဘုန်းကြီးကျောင်းကို ထွက်ပြေးသွားချိန် ရွာထဲမှာ ကလးတွေနဲ့ အမျိုးသမီးတွေပဲ ကျန်ခဲ့တယ်။ အဲဒီအချိန် လေကြောင်းနဲ့ ဗုံးလာကြဲသွားတာပါ။ ထွက်ပြေးသွားတဲ့ ပျုစောထီး၊ စစ်သုံ့ပန်းတွေလည်း ဖမ်းဆီးရမိထားပါတယ်”

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရထားတဲ့ ရွာခံပျုစောထီးတွေကိုလည်း ဆေးကုသပေးထားပေမဲ့ သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကိုတော့ လေကြောင်းရန်ကြောင့် မသင်္ဂြိုဟ်ရသေးဘူးလို့ ဆိုပါတယ်။

စစ်တပ်ရဲ့ ဒရုန်းနဲ့ လေကြာင်းတိုက်ခိုက်မှုတွေကြောင့် ပေါက်နဲ့မြိုင်အစပ်မှာ နေထိုင်တဲ့ ဒေသခံ နှစ်ရာကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၄ ရက်နေ့မနက်ပိုင်းမှာလည်း အင်အား ၁၈၀ ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းက မြိုင်မြို့နယ် ဝက်ပုတ်ကျေးရွာက နေအိမ်ရှစ်ဆယ်ကျော်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။