ပေါက်မှာ ရက်ရှည်တိုက်ပွဲတွေ ဖြစ်ပွားနေ

မေလ ၁၃ ရက်နေ့ကစပြီး အခုချိန်ထိ တိုက်ပွဲပေါင်း ၁ဝဝ ထက်မနည်း ရှိခဲ့ပြီး တိုက်ပွဲပြင်းထန်နေဆဲ။

မကွေးတိုင်း ပေါက်မြို့နယ် ပုံတောင်နတ်ထိပ်ဒေသမှာ ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် ၂၄ (ကပစ ၂၄) အခြေစိုက်ကာကွယ်နေတဲ့ စစ်တပ်အင်အား တစ်ထောင်ကျော်နဲ့ တိုက်ပွဲပေါင်း ၁ဝဝ ထက်မနည်းဖြစ်ခဲ့ပြီး စစ်သုံ့ပန်းတွေလည်း ဖမ်းဆီးရမိခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ စစ်တပ်နဲ့ စစ်အာဏာပိုင်တွေကို လက်နက်ကိုင်တော်လှန်နေတဲ့ မဟာမိတ်အဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။

မေလ ၁၃ ရက်နေ့ကစပြီး အခုချိန်ထိ တိုက်ပွဲပေါင်း ၁ဝဝ ထက်မနည်း ရှိခဲ့ပြီး တိုက်ပွဲပြင်းထန်နေဆဲပဲလို့ ပါဝင်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နဲ့ ယောတပ်တော် အဖွဲ့တို့က မေလ ၃၁ ရက်နေ့မှာ သတင်းထုတ်ပြန်တာဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရသူ ၁ဝဝကျော်နဲ့ သေဆုံးသူ ၈‌ဝကျော်ရှိပြီး စစ်သုံ့ပန်းတွေ ဖမ်းမိထားသလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တော်လှန်ရေး မဟာမိတ်အဖွဲ့တွေဘက်မှာလည်း ထိခိုက်ဒဏ်ရာရသူ၊ အသက်ဆုံးရှုံးသူတွေရှိခဲ့တယ်လို့လည်း ပါရှိပါတယ်။

ဒါပေမဲ့ ဖမ်းဆီးရမိတဲ့အရေအတွက်နဲ့ ထိခိုက်သေဆုံးသူအရေအတွက်ကိုတော့ တိတိကျကျ ဖော်ပြထားတာမရှိပါဘူး။

ဒီကြေညာချက်နဲ့ပတ်သက်ပြီး ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေနဲ့ လက်ရှိတိုက်ပွဲအခြေအနေတွေကို ယောတပ်တော်အဖွဲ့ဆီ ဆက်သွယ်မေးမြန်းရာမှာတော့ လတ်တလော မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ကာလအတွင်း စစ်တပ်က အရပ်သားတွေကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီးသတ်ဖြတ်တာ၊ ရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူတာနဲ့ စစ်ဘေးတိမ်းရှောင်တဲ့နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မေလ ၁၁ ရက်နေ့က ကပစ ၂၄ ကနေ ထွက်လာတဲ့ အင်အား ၄ဝဝနဲ့ မေလ ၂၂ ရက်နေ့မှာ ထပ်တိုးလာတဲ့ အင်အား ၉ဝဝ တို့ဟာ ယောဒေသ ပုံတောင်နတ်ထိပ်ကို စစ်ကြောင်းထိုးလာတာကြောင့် မဟာမိတ်အဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပါတယ်။

ယောဒေသမှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဒေသခံ တစ်သောင်းခွဲခန့် စစ်ဘေးတိမ်းရှောင်နေရပါတယ်။