မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်၊ ပေါက်-ကျောက်ထု-မင်းတပ်လမ်းပိုင်းမှာရှိတဲ့ တပြင်းကျေးရွာနဲ့ ရွာသာကျေးရွာတွေမှာ ဒေသခံပြည်သူ ၆ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ယောဒေသခံတွေက မေလ ၂၆ ရက်နေ့မှာ RFA ကို ပြောပါတယ်။
သတ်ဖြတ်ခံရသူတွေထဲမှာ တပြင်းကျေးရွာ ကျောင်းထိုင်ဆရာတော်တစ်ပါး၊ CDM အထက်တန်းပြဆရာ ဦးမျိုးမင်းကျော်၊ ဦးထွန်းကြိုင်၊ ဦးကျော်သူရနဲ့ စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးတစ်ဦးတို့ ပါဝင်ပြီး ရွာသာကျေးရွာက ဒေသခံတစ်ဦးလည်း သတ်ဖြတ်ခံခဲ့ရတာကြောင့် စုစုပေါင်း ၆ ဦးရှိတယ်လို့ ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ယောဒေသခံတစ်ဦးကတော့ စစ်တပ်ဟာ ရွာထဲက အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာအပြင် စစ်ရှောင်နေတဲ့သူတွေကိုပါ လိုက်ဖမ်းပြီး သတ်ဖြတ်နေတာလို့ RFA ကို ပြောပါတယ်။
“သတ်ဖြတ်ခံလိုက်ရတဲ့ ပြည်သူတွေက စစ်ရှောင်တွေလည်းပါတယ်၊ ရွာထဲမှာ နေတဲ့သူတွေလည်းပါတယ်။ ပျောက်နေတဲ့ လူငယ်တွေလည်း ရှိသေးတယ်၊ အခုရက်ပိုင်း မိုးတွေရွာနေတော့ စစ်ဘေးရှောင်တွေ မိုးထဲမှာ နေနေရတာတွေရှိတယ်။ အကူအညီတွေကတော့ လိုအပ်နေပါတယ်”
အင်အား ၁,၀၀၀ ကျော်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ယောဒေသအတွင်း လမ်းဘေးကျေးရွာတွေကို ဖြတ်သန်းစစ်ကြောင်းထိုးနေချိန် တပြင်းကျေးရွာနဲ့ ရွာသာကျေးရွာတွေထဲ ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးတာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အရပ်သားပြည်သူ အရေအတွက်စာရင်းကို အတည်ပြုနိုင်ခြင်း မရှိသေးသလို မီးလောင်ပျက်စီးသွားတဲ့ နေအိမ်အရေအတွက်ကိုလည်း တိတိကျကျ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီလိုစွပ်စွဲချက်တွေနဲ့ပတ်သက်လို့ စစ်အာဏာပိုင်တွေက တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို RFA အနေနဲ့လည်း သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။
ယောကာကွယ်ရေးတပ် (YDF) ကတော့ ယောဒေသတောင်ပိုင်းနဲ့ ချင်းပြည်တောင်ပိုင်းဘက်ကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မေလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ဘေးကင်းရာနေရာတွေကို ရွှေ့ပြောင်းနေထိုင်ကြဖို့၊ ဗုံးခိုကျင်းတွေ ကြိုတင်ပြင်ဆင်ထားကြဖို့နဲ့ စစ်ရေးသတင်းအချက်အလက်တွေကို အမြဲစောင့်ကြည့်နားထောင်ထားကြဖို့ တိုက်တွန်းထားပါတယ်။
စစ်တပ်ဘက်က အင်အားထောင်ဂဏန်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ယောဒေသအတွင်း တိုက်ပွဲတွေ ပြင်းထန်နေပြီး ဆောမြို့နယ်က ဒေသခံသောင်းနဲ့ချီ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ ပြောပါတယ်။
