မကွေးတိုင်း၊ ပေါက်မြို့နယ်ကို စစ်တပ်က စစ်သည်အင်အား ၆၀၀ ခန့်ရှိတဲ့ စစ်ကြောင်းက စစ်ဆင်ရေး လုပ်နေတဲ့အတွက် ရွာသူရွာသား လူတစ်ထောင်နီးပါး ဘေးလွတ်ရာ ရှောင်တိမ်းနေရတယ်လို့ မေလ ၇ ရက်နေ့က ဒေသခံတွေက RFA ကို ပြောပါတယ်။
ပေါက်မြို့နယ်အတွင်းက ပုသိမ် - မုံရွာလမ်းတလျောက် အိမ်ထောင်စု ၁၂၀၀ က လူဦးရေ တစ်ထောင်နီးပါးဟာ လက်ရှိ အချိန်အထိ ကိုယ့်အိုးအိမ်မှာ မနေရဲဘဲ ဘေးလွတ်ရာ ရှောင်တိမ်းနေရတယ်လို့ ဆိုပါတယ်။
မေလ ၁ ရက်နေ့ကတည်းက မိတ္ထီလာဘက်ကနေ ပေါက်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ နေ့စဉ်တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် ဒေသခံတွေ ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပေါက်မြို့နယ် လူမှုရေးရာနှင့် လူသားချင်းစာနာထောက်ထားရေးဌာနက တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“အခု မေလထဲမှာ ကပစ ၂၂ ကို မိတ္ထီလာဘက်က ဆင်းလာတဲ့ အင်အား ၆၀၀ နီးပါးပေါ့။ မိတ္ထီလာ - ကျောက်ပန်းတောင်းနဲ့ ချောက် - ဆိပ်ဖြူဘက်ကနေ ပေါက်မြို့နယ် ပုသိမ် - မုံရွာဘက်ကို စစ်ကြောင်းထိုး နေတာပေါ့။ အဲဒီနားက ရွာတွေ အကုန်ရှောင်နေရတယ်ဗျ။”
ဒီစစ်ကြောင်းဟာ ဆိပ်ဖြူအခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၂) ကို ကာကွယ်ရင်း နယ်မြေရှင်းလင်း နေတာလို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းကြောင့် အနီးပတ်ဝန်းကျင် ကျေးရွာတွေ ရှောင်နေရသလို စစ်ကြောင်းရဲ့ လမ်းကြောင်း တစ်လျှောက် ကျေးရွာတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးနေရတာ ခြောက်ရက်ခန့် ရှိလာတာကြောင့် စားဝတ်နေရေး အခက်အခဲ ဖြစ်နေရတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့ကလည်း ပေါက်မြို့နယ်ထဲကို စစ်တပ်က အင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်းထိုးခဲ့တာ ကြောင့် ကျေးရွာအချို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုနှစ် ဖေဖော်ဝါရီလကလည်း ပေါက်မှာ စစ်ကြောင်းထိုးတဲ့အတွက် ဒေသခံ လူတစ်သောင်းကျော်အိုးအိမ်စွန့် ထွက်ပြေးခဲ့ရဖူးပါတယ်။
