သင်္ကြန်တွင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပေါက်မြို့နယ်မှာ လေးဦးသေဆုံး၊ ငါးဦးဒဏ်ရာရ

တိုက်ပွဲမရှိဘဲ စစ်ဘေးရှောင်နေသူတွေ ခိုလှုံနေတဲ့ ရွာတွေကို တိုက်ခိုက်ခဲ့တာဖြစ်ဟု ဒေသခံတွေပြော။

မကွေးတိုင်း ပေါက်မြို့နယ်မှာ မြန်မာစစ်တပ်က သင်္ကြန်ကာလအတွင်း လေကြောင်းက တိုက်ခိုက်တာ ကြောင့် အရပ်သား လေးဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရထားတယ်လို့ ဧပြီလ ၁၆ ရက်နေ့မှာ ဒေသခံတွေက RFA ကို ပြောပါတယ်။

သင်္ကြန်အတက်နေ့ ဧပြီလ ၁၆ ရက်နေ့မှာ ပေါက်မြို့နယ် တောင်ခြမ်းက ဝန်လဲရွာကို စစ်တပ်က ဂျက်တိုက် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒီအပြင် အသက် ၂ နှစ်အရွယ်ကနေ ၅၆ နှစ်အရွယ်ကြားရှိကြတဲ့ အရပ်သား ငါးဦး ဒဏ်ရာရခဲ့ပြီး အဲဒီငါးဦး ထဲက လေးဦးက အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေမရှိဘဲ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ပေါက်မြို့နယ် လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဌာနက တာဝန်ရှိသူတဦးက RFA ကို ပြောပါတယ်။

“အဲဒီရွာလေးမှာ ကာကွယ်ရေးရဲဘော်တို့ဘာတို့လည်း မရှိဘူး ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ရှောင်တွေပေါ့နော် အဲဒီရွာလေးက ယောချောင်းရဲ့ အရှေ့ဘက်မှာရှိတယ် ယောချောင်းအနောက်ဘက်က စစ်ရှောင်တွေ ရှောင်ရပြီဆိုရင် အများစုက အဲဒီရွာမှာနေကြတယ်။ အဲဒီရွာက ဘုန်းကြီးကျောင်းတို့ အဲဒီနားပတ်ဝန်းကျင် တွေမှာ နေကြတာ။ အဲဒါကိုလာပစ်သွားတာပေါ့ဗျာ”

သင်္ကြန်အကျနေ့ ဧပြီလ ၁၄ ရက်နေ့ကလည်း ပေါက်မြို့နဲ့ တစ်မိုင်ကျော်ခန့်ဝေးတဲ့ မြောက်ဘက်ရွာက တောရဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာကြောင် အသက် ၅၀ ကျော်အရွယ် အမျိုးသား နှစ်ဦး သေဆုံးခဲ့တယ်လို့ သူက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကော်မရှင်ဘက် တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။

ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့ကလည်း စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာ ဘုန်းကြီးကျောင်းကို မြန်မာစစ်တပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် သင်္ကြန်တွင်း ဒုလ္လဘ ဝတ်နေကြတဲ့ ကိုရင်တွေထဲက ကိုရင်ကြီး နှစ်ပါး ပျံလွန်ခဲ့ပြီး နောက်ထပ် ကိုရင် ရှစ်ပါး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ မတ်လ ၃၁ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်း ငါးနှစ်ကျော်ကာလမှာ နိုင်ငံတစ်ဝန်း မြန်မာစစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၅၄၇၈ ဦး ဦးသေဆုံးခဲ့ပါတယ်။