ပေါက်မှာ စစ်ကြောင်းထိုးနေလို့ လူတစ်သောင်းခန့် ထွက်ပြေးနေရ

RFA Burmese
2025.02.04
ပေါက်မှာ စစ်ကြောင်းထိုးနေလို့ လူတစ်သောင်းခန့် ထွက်ပြေးနေရ ပေါက်မြို့နယ်တွင် စစ်ကြောင်းထိုးနေသဖြင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့က တွေ့ရစဥ်။
Facebook/ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနပေါက်မြို့

မကွေးတိုင်း၊ ပေါက်မြို့နယ်ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၃ ရက်နေ့ကစလို့ စစ်ကြောင်းထိုး စီးနင်းနေတာကြောင့် ရွာ ၁၃ ခန့်က လူဦးရေ တစ်သောင်းခန့် ထွက်ပြေးနေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ဆေးပင်ကြီး၊ ကျောက်လုံး၊ ရှားစေးချက်၊ ထောက်ရှာပင်၊ ညောင်ရေထဲ၊ ညောင်ပင်တိုက်၊ အင်းတိမ်၊ သနပ္ပင်ဇင်း၊ ကပျို၊ အင်းယာ၊ မုံတော၊ ဆူးလေကုန်း စတဲ့ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။

ပေါက်မြို့နယ်နဲ့ တစ်ဆက်တည်းဖြစ်တဲ့ မြိုင်မြို့နယ်ကနေ အင်အား နှစ်ရာခန့်ပါတဲ့စစ်ကြောင်းက ဝင်ရောက်စီးခဲ့တာဖြစ်ပြီး ရုတ်တရက် စစ်ကြောင်းဝင်လာတာ ဖြစ်တာကြောင့် ဒေသခံတွေ ကြိုတင်ပြင်ဆင်ချိန် မရလိုက်ဘူးလို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပေါက်မြို့နယ် လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန တာဝန်ခံရှိသူတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ ပေါက်ဘက်ကို မြိုင်ဘက်ကနေ စစ်ကြောင်းထိုးတာက တစ်ခါမှမရှိခဲ့တော့ အဲဒီနားက ရွာတွေက ကြိုတင်ပြင်ဆင်ချိန် မရလိုက်ဘူး။ လောလောဆယ် စားနပ်ရိက္ခာတို့ ဆောင်းတွင်းကာလဆိုတော့ စောင်တွေ လိုအပ်နေတယ်ဗျ”

လက်ရှိမှာ ဒေသခံတွေက ဘေးလွတ်ရာ ရွာတွေနဲ့ တောတောင်တွေထဲ ထွက်ပြေးခိုလှုံနေရတယ်လို့ သူက ပြောပါတယ်။ အဲဒီစစ်ကြောင်းဟာ မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာက ဒေသခံနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA ကဆက်သွယ်ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းတွေက ပခုက္ကူအခြေစိုက် တပ်မ - ၁၀၁ ကနေ ပေါက်မြို့နယ်ထဲ စစ်ကြောင်းထိုးလေ့ရှိပြီး အဲဒီလမ်းပိုင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့ဟန့်တား တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။

လက်ရှိမှာ အဲဒီလမ်းကြောင်းကို စစ်ကောင်စီတပ်က ဖြတ်သန်းဖို့ မလွယ်တာကြောင့် မြိုင်မြို့နယ်ဘက်ကနေ ပေါက်မြို့နယ်ဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက် တိုးလာနေပြီး ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဇန်နဝါရီ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ ပြည်တွင်း နေရပ်စွန့်ခွာရသူ သုံးသန်းခွဲကျော် ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။