မန္တလေးတိုင်း တောင်သာမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တပ်ရင်းတွေနဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တို့ တင်းမာမှုတွေမြင့်တက်နေပါတယ်။
ဖြစ်ရပ်ဟာ မေလ ၂၆ ရက်နေ့ ညပိုင်းက တောင်သာမြို့နယ် ဝဲလောင်ရွာက ဦးသန်း (အမည်လွှဲ) ကို PLA က ဒလန်လို့ဖမ်းဆီးပြီး ကားတစ်စီး၊ ဆိုင်ကယ်နှစ်စီး၊ စာရွက် စာတမ်းတွေနဲ့ ငွေဆယ်သိန်းကို ယူသွားသလို၊ ဦးသန်းရဲ့ ဇနီးကို PLA ဘက်က ကျပ်သိန်းနှစ်ထောင်နဲ့ လာရွေးခိုင်းတဲ့အတွက် ဇနီးဖြစ်သူက တောင်သာမြို့နယ် ပြည်သူ့ လုံခြုံရေးအဖွဲ့ (ပလဖ) ကိုအကူအညီတောင်းလာတာလို့ NUG ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ဦးသန်းဟာ ကားသမားပဲဖြစ်ပြီး ဒလန်မဟုတ်ဘူးလို့လည်း (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် ကဆိုပါတယ်။ ဒါကြောင့် ဦးသန်းကို ပြန်လွှတ်ပေးဖို့ တောင်သာမြို့နယ် ပ.က.ဖ က စာပို့ပြီး တောင်းဆိုခဲ့ပေမဲ့ PLA ဘက်ကငြင်းတယ်လို့ ဆိုပါတယ်။ ဇွန်လ ၂၂ ရက်နေ့မှာတော့ ဒဏ်ရာတွေနဲ့သတိမေ့နေတဲ့ ဦးသန်း ကို ဝဲလောင်ရွာနဲ့ ရွာသစ်ရွာကြားမှာတွေ့ပြီး ကယ်တင်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီနောက်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ က PLA တပ်တွေဆုတ်ခွာသွားတဲ့ စခန်းနှစ်ခုကိုဝင်တဲ့အချိန်မှာ စခန်းထဲထောင်ထားတဲ့ မိုင်းထိပြီး ပြည်သူ့ကာ ကွယ်ရေးရဲဘော်လေးဦး သေဆုံးသလို အများအပြားဒဏ်ရာရတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
PLA စခန်းတွေကို စစ်ရေးအရ ရန်လိုတဲ့သဘောနဲ့ ဝင်ရောက်စီးနင်းတာမျိုးမဟုတ်ဘူးလို့ တောင်သာမြို့နယ် အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“ပြည်သူ့ကာကွယ်ရေးတပ်မတော်ကအဖွဲ့တွေ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကနေပြီးတော့ ရန်လိုတဲ့သဘော မျိုး နဲ့ သွားပြီးတော့ စစ်ရေးအရ ရင်ဆိုင်တာမျိုးမဟုတ်ဘဲနဲ့ သွားရောက်ညှိနှိုင်းတာကို သူတို့က ရှောင်ထွက် သွားတဲ့အခါကျတော့ သူတို့စခန်းပြန်သွားပြီပဲဆိုပြီးတော့ လိုက်သွားတဲ့အခါမှာ စခန်းဧရိယာထဲမှာ မိုင်းနင်းမိတဲ့ ဖြစ်စဉ်တွေဖြစ်ပြီးတော့ ထိခိုက်ဒဏ်ရာရ ကျဆုံးတာတွေတော့ ရှိတယ်ဗျ”
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ PLA ကတော့၊ ဦးသန်း ဆိုတဲ့လူဟာ စစ်တပ်သတင်းပေးဖြစ်တယ်ဆိုတဲ့ထွက်ဆိုချက်တွေ ရရှိထားတဲ့အကြောင်းနဲ့၊ ဦးသန်းကို ပြန်လွှတ်ပေးဖို့ သူ့ဇနီးက ငွေကြေးနဲ့လာညှိတာကို PLA က လက်မခံတဲ့ အတွက်ကြောင့် ဦးသန်းရဲ့ ဇနီးက NUG PDF တပ်ဖွဲ့တွေကိုတိုင်တန်းခဲ့တာလို့ ဆိုပါတယ်။ NUG ဘက်က စွပ်စွဲ သလို ငွေကြေးတောင်းခံတာလည်းမရှိခဲ့ဘူးလို့ PLA ပြောခွင့်ရသူ ကိုဝေယံဖြိုးမိုးက RFA ကိုပြောပါတယ်။
အဲဒီအပြင် ဖမ်းထားတဲ့သူကိုလွှဲပေးဖို့နဲ့ PLA တပ်ဖွဲ့တွေ မြင်းခြံခရိုင်ထဲက ထွက်ခွာဖို့ NUG မြင်းခြံခရိုင်ကွပ်ကဲ ရေးက ဖိအားပေးခဲ့ပြီး ဇွန်လ ၂၂ ရက်နေ့က PLA စခန်းတွေကို အင်အားအလုံးအရင်းနဲ့ ဝင်လာတဲ့အခါမှာ မိတ်ဖက်ချင်းတိုက်ပွဲကိုရှောင်ဖို့အတွက် PLA တပ်ဖွဲ့ဝင်တွေက စခန်းကနေဆုတ်ခွာပေးခဲ့တာလို့ ပြောပါတယ်။
PLA စခန်းတွေမှာ လုံခြုံရေးအတွက် အရင်ကတည်းက မိုင်းတွေထောင်ထားတာြဖစ်ပြီး၊ သူတို့တပ်ဖွဲ့ဝင်တွေ ရုတ်တရက်ဆုတ်ခွာသွားတဲ့အချိန်မှာ မဖြုတ်သိမ်းနိုင်ခဲ့တဲ့ မိုင်းတွေနင်းမိလို့ PDF ရဲဘော်တွေ သေဆုံးဒဏ်ရာရတဲ့အတွက်လည်း စိတ်ထိခိုက်ရတယ်လို့ PLA ပြောခွင့်ရသူ ကိုဝေယံဖြိုးမိုးက RFA ကို ပြောပါတယ်။
ဒါကြောင့် မိတ်ဖက်အချင်းချင်း ဆွေးနွေးညှိနှိုင်းအဖြေရှာဖို့ ဆန္ဒရှိတယ်လို့ ကိုဝေယံဖြိုးမိုး က ပြောပါတယ်။
“ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးတော့ တဖက်ကရဲဘော်တွေ ထိခိုက်ကျဆုံးမှုတွေရှိလာတယ်။ ကျနော်တို့ ရဲဘော်တွေဆိုရင်လည်း ၀ိုင်းဝန်းပိတ်ဆို့ထားချိန်မှာ စိုးရိမ်ရတဲ့ အခြေအနေတွေရှိတယ်။ ဒီစိုးရိမ်ရတဲ့အခြေ အနေတွေကို လျှော့ချပြီးတော့ ဆွေးနွေးညှိနှိုင်းမှုလုပ်ဖို့လိုလားတယ်။ မြင်းခြံခရိုင်အတွင်းမှာ ကျနော်တို့တပ်တွေ ဆက်လက်ရပ်တည်ရေရးနဲ့ပတ်သက်ပြီး ခရိုင်အဆင့်နဲ့အဆင်မပြေဘူးဆိုရင် တခြားသော အဆင့်ဆင့်နဲ့ လုံခြုံတဲ့ရပ်ဝန်း၊ ပလက်ဖောင်းတစ်ခုမှာ ဆွေးနွေးညှိနှိုင်းပြီးတော့ လက်တွဲလုပ်ဆောင်နိုင်ဖို့ အဖြေရှာသွားဖို့ဆန္ဒရှိတယ်။ အခုလည်း အဲဒီအတွက်ရည်ရွယ်ပြီး ပြောဆိုနေတာဖြစ်တယ်”
NUG ဟာ ပုလဲမြို့နယ်က ဗိုလ်နဂါးကိုဖမ်းဆီးဖို့ကြိုးစားခဲ့တဲ့နောက်ပိုင်းမှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေကို သူတို့လက်အောက်ရောက်အောင်သိမ်းသွင်းနေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း လူမှုကွန်ယက်ဆိုရှယ် မီဒီယာတွေမှာ မြင့်တက်ခဲ့ပါတယ်။ ဒါကြောင့် တော်လှန်ရေးအင်အားစုအချင်းချင်းကြားဖြစ်နေတဲ့ ပဋိပက္ခတွေကို စစ်ရေးနည်းမသုံးဘဲ မဟာမိတ်နည်းလမ်းနဲ့ပဲ ဖြေရှင်းကြဖို့ အရပ်ဖက်အဖွဲ့နဲ့ တော်လှန်ရေးအဖွဲ့အစည်း ၅၀ နီးပါးကလည်း မတ်လ ၁၀ ရက်နေ့မှာ စုပေါင်းထုတ်ပြန်တိုက်တွန်းထားပါတယ်။
အခုဖြစ်ရပ်နဲ့ပတ်သက်လို့လည်း ဘုံရည်မှန်းချက်တူတဲ့ တပ်ဖွဲ့တွေအချင်းချင်းဖြစ်တဲ့ ပဋိပက္ခကို ဆွေးနွေး ညှိနှိုင်းအဖြေရှာသင့်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက RFA ကိုပြောပါတယ်။
“ဒါက လူ့အသက်တွေနဲ့ ဆိုင်နေတယ်၊ တော်လှန်ရေးရဲဘော်တွေရဲ့ အသက်တွေနဲ့ ဆိုင်နေတာဖြစ်သလို တော်လှန်ရေးတစုံလုံးနဲ့လည်း ဆိုင်နေတာ ဖြစ်ပါတယ်။ ခုအချိန်မှာဆိုရင် အကြမ်းဖက်အာဏာသိမ်း စစ်အုပ်စုက သူတို့ရဲ့ ရက် ၁၀၀ စီမံကိန်းဆိုပြီးတော့ သူတို့ရဲ့ အလုပ်တွေကို တွန်းပြီးတော့ လုပ်နေကြတယ်။ ဒီလိုအခြေအနေမှာ ဒီလိုကိစ္စတွေ နည်းနည်းစိပ်စိပ် ဖြစ်ပွားလာတယ်ဆိုတဲ့ဟာက တော်လှန်ရေးအတွက် တစုံတရာ ပုံရိပ်ကိုထိခိုက်စေတဲ့ ကိစ္စတွေဖြစ်တယ်။ ဒါကြောင့် တွေ့ဆုံဆွေးနွေးပြီးတော့ ညှိနှိုင်းအဖြေရှာ ကြတဲ့ကိစ္စသာလျှင် အမှန်အကန်ဆုံးဖြစ်လိမ့်မယ်။ ရလဒ်ကောင်းတွေ ထွက်ပေါ်လာအောင်လည်း ဆွေးနွေးနိုင် ကြဖို့လိုတယ်လို့ ယူဆပါတယ်”
