နှစ်လကျော်အတွင်း မင်းတပ်မြို့ အကြိမ် ၄ဝဝ ကျော် လေကြောင်းတိုက်ခိုက်ခံရ

ဇွန်လ ၂၁ ရက်နေ့ တစ်ရက်ထဲမှာ အများဆုံး ဗုံးကြဲတိုက်ခိုက်မှု ၉၁ ကြိမ်အထိ ရှိခဲ့ပြီး အဲဒီတိုက်ခိုက်မှုကြောင့် သားအမိနှစ်ဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရခဲ့ဟုဆို။

ချင်းပြည်နယ်တောင်ပိုင်း ၊ မင်းတပ်မြို့နယ်ကို စစ်တပ်ခန့်အစိုးရက နှစ်လကျော်အတွင်း လေကြောင်းကနေ အကြိမ် ၄၄၀ တိုက်ခိုက်ခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ဇွန်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

CHRO မှတ်တမ်းတွေအရ ၂၀၂၆ ခုနှစ် ဧပြီလ ၁၁ ရက်ကနေ ဇွန်လ ၂၂ ရက်အထိ မင်းတပ်မြို့နယ် အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၄၄၀ ကြိမ်၊ လေယာဉ်ပျံသန်းတိုက်ခိုက်မှု ၁၆၈ ကြိမ် ရှိခဲ့ပြီး ဇွန်လ ၂၁ ရက်နေ့ တစ်ရက်ထဲမှာ အများဆုံး ဗုံးကြဲတိုက်ခိုက်မှု ၉၁ ကြိမ်အထိ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဇွန်လ ၂၁ ရက်နေ့ည ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် သားအမိနှစ်ဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်နယ်တောင်ပိုင်းက ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“ဇွန်လ ၂၁ ရက် ည ၁၁ နာရီခွဲလောက်မှာ မင်းတပ်မြို့နယ်အစပ်၊ ကန်ပက်လက်မြို့နယ် ကျောက်တောင်ရွာအနီးက တောင်ယာတဲတွေကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ အဲဒီမှာ ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ မိခင်ဖြစ်သူ သေဆုံးခဲ့ပြီး ဒေသခံ သုံးဦးလည်း ဒဏ်ရာရခဲ့တယ်လို့ သတင်းရပါတယ်ဗျ”

ဗုံးကြဲတိုက်ခိုက်မှုအားလုံးရဲ့ ၄၅ ရာခိုင်နှုန်းဟာ လေးရက်အတွင်း ဖြစ်ပွားခဲ့တာဖြစ်ပြီး Y-12 လေယာဉ်တွေက လမ်းညွှန်စနစ်မပါဝင်တဲ့ ဗုံးတွေကို မင်းတပ်မြို့နယ်နဲ့ အနီးဝန်းကျင်က အရပ်သားအဆောက်အအုံတွေပေါ် ကြဲချခဲ့တယ်လို့ CHRO က ဆိုပါတယ်။

ဒေသခံအများစုဟာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြပေမယ့် အရပ်သားအဆောက်အအုံတွေကို စစ်တပ်က ဆက်ပြီး ဗုံးကြဲတိုက်ခိုက်နေဆဲပဲလို့လည်း ဖော်ပြထားပါတယ်။

အဲဒီတိုက်ခိုက်မှုတွေဟာ စစ်ရေးပစ်မှတ်တွေကို တိတိကျကျ ပစ်ခတ်တာမဟုတ်ဘဲ မြို့တွေ၊ ကျေးရွာတွေ၊ လူနေအိမ်တွေ၊ ဘုရားကျောင်းတွေနဲ့ အခြားအရပ်သားအဆောက်အအုံတွေကို ဦးတည်တိုက်ခိုက်နေတာဖြစ်တယ်လို့ CHRO က ဆိုပါတယ်။

လက်ရှိ အရပ်သားအများစု မရှိတော့တဲ့ ကျေးရွာတွေနဲ့ အရပ်သားအဆောက်အအုံတွေကို ဆက်လက်ဗုံးကြဲတိုက်ခိုက်နေတာဟာ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ခဲ့တဲ့ လူထုအပေါ် အစုလိုက်အပြုံလိုက် အပြစ်ပေးတာနဲ့ လက်စားချေတာမျိုး ဖြစ်နိုင်တယ်လို့ CHRO က ဝေဖန်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရပြောရေးဆိုခွင့်ရှိသူ ချင်းပြည်နယ်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှု ကော်မတီရဲ့ ဇွန်လ ၃ ရက်နေ့အထိ စာရင်းအရ မင်းတပ်မြို့နယ်မှာ စစ်ဘေးဒုက္ခသည် နှစ်သောင်းနီးပါး ရှိနေပြီဖြစ်ပါတယ်။

မင်းတပ်နဲ့ ကန်ပက်လက်ဒေသတွေဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ခန့်အစိုးရကို အစောဆုံး လက်နက်ကိုင်တော်လှန်ခဲ့တဲ့ ဒေသတွေထဲမှာ ပါဝင်ပြီး လက်ရှိအချိန်အထိ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ကြုံနေရပါတယ်။

BNI-Myanmar Peace Monitor ရဲ့ မှတ်တမ်းအရ ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်ကနေ ၂၀၂၆ ခုနှစ် ဇွန်လ ၃ ရက်အထိ စစ်အာဏာသိမ်းကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်း စစ်တပ်ခန့်အစိုးရရဲ့ လေကြောင်းတိုက်ခိုက်မှု ၃,၂၂၅ ကြိမ် ရှိခဲ့ပြီး ချင်းပြည်နယ်ဟာ လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံးဒေသတွေထဲက တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။