မင်းတပ်မှာ တိုက်ပွဲအရှိန်မြင့်လာပြီး စစ်ဘေးရှောင် နှစ်သောင်းနီးပါး အထိတိုးလာ

ကာလရှည် စစ်ဘေးရှောင်ရသူ တစ်သောင်းခန့်ရှိပြီး လတ်တလော တိုက်ပွဲတွေကြောင့် နောက်ထပ် ခုနစ်ထောင်ခန့် ထပ်မံတိမ်းရှောင်နေရ။

ချင်းပြည်နယ် မင်းတပ်မြို့နဲ့ ၁၀ မိုင်အကွာမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ အရေအတွက် ၁၇,၀၀၀ ခန့် ရှိလာတယ်လို့ မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှု ကော်မတီက မေလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အရင်က မင်းတပ်မြို့သိမ်းတိုက်ပွဲအပါအဝင် မကြာခဏ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကာလရှည် စစ်ဘေးရှောင်ရသူ တစ်သောင်း (၁၀,၀၀၀) ခန့်ရှိပြီး လတ်တလော တိုက်ပွဲတွေကြောင့် နောက်ထပ် လူ ၇,၀၀၀ ခန့် ထပ်မံတိမ်းရှောင်နေရတာလို့ ဆိုပါတယ်။

လက်ရှိမှာ မင်းတပ်ကို စစ်တပ်က အင်အားတစ်ထောင်ကျော်နဲ့ ထိုးစစ်ဆင်လာတာဖြစ်သလို စစ်တပ်ရဲ့ ဖြတ်လေးဖြတ် ဗျူဟာကြောင့်လည်း ရေရှည် စစ်ဘေးရှောင်ရမဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီ တာဝန်ခံ လောရင့်စ် ယောကီးက RFA ကို ပြောပါတယ်။

“မင်းတပ်မြို့နယ်ထဲမှာ သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးလာတဲ့အပေါ်မှာ နှစ်ဘက်တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ လုံခြုံရာ ဘေးကင်းရာကို မင်းတပ်မြို့နဲ့ မင်းတပ်မြို့အနီးအနား ကျေးရွာတွေက ပြည်သူတွေ ထပ်မံပြီးတော့မှ စစ်ဘေးရှောင်နေရတဲ့ အနေအထားပါ။ မင်းတပ်မြို့နယ်ထဲမှာ ဘေးကင်းရာနေရာဆိုလို့ နည်းနည်းရှားတာပေါ့နော်။ မင်းတပ်မြို့ပေါ်မပါဘဲနဲ့ မင်းတပ်မြို့နယ်ထဲမှာ လေကြောင်းတိုက်ခိုက်ခံရဖူးတဲ့ရွာ ၄၈ ရွာလောက် ရှိပါတယ်။ လုံခြုံတယ်လို့မဟုတ်ဘဲနဲ့ စိတ်သောကတွေနဲ့ စစ်ဘေးရှောင်ရခြင်းဖြစ်ပါတယ်”

လက်ရှိမှာ မိုးများတာ၊ လမ်းပြိုတာ၊ လမ်းချော်တာနဲ့ ရုတ်တရက် တောင်ကျချောင်းရေမြင့်တက်တာ စတဲ့ သဘာဝေးဒဏ်ကြောင့်လည်း အခက်အခဲမျိုးစုံကြုံနေရသလို မိုးတွင်းအတွက် သိုလှောင်ထားတဲ့ ဆန်၊ ပဲ စတဲ့ ရိက္ခာတွေ ရေစိုပျက်စီးတာတွေ ကြုံတွေ့နေရတယ်လို့ သူကပြောပါတယ်။ ဒါကြောင့် ဆေးဝါးနဲ့ စားနပ်ရိက္ခတွေ အရေးပေါ် လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့တို့ကို စစ်တပ်က အင်အားထောင်ချီသုံးပြီး မြေပြင်ကနေ ထိုးစစ်ဆင်နေသလို လေကြောင်းကနေလည်း အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

မင်းတပ်မြို့နယ်ကို မေလအတွင်း စစ်တပ်က အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား လေးဦး သေဆုံးတယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) ထုတ်ပြန်ထားပါတယ်။ မြေပြင် စစ်တပ်စစ်ကြောင်းကလည်း မင်းတပ်မြို့နယ် ထင်ချောင်းရွာကို မေလ ၃၀ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းတပ်မြို့နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်တပ်ဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

မင်းတပ်မြို့နယ်မှာ ၂၀၂၁ ဇန်နဝါရီ ကနေ ၂၀၂၄ ဒီဇင်ဘာအထိ ၄၈ လ အတွင်း အကြောင်းအမျိုးမျိုးကြောင့် သေဆုံးတဲ့ ပြည်သူ ၇၆၆ ဦးရှိခဲ့ပြီး အများစုဟာ အာဏာသိမ်းကာလ စစ်တပ်ရဲ့ ဖြတ်လေးဖြတ် ဗျူဟာကြောင့် ဆေးဝါးပြတ်လပ်တာနဲ့ နာတာရှည်ရောဂါတွေကြောင့် သေဆုံးခဲ့ရတာလို့ မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီ ပြောပါတယ်။