ချင်းညီနောင်ပူးပေါင်းတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ အနီးတစ်၀ိုက်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ကန်ပက်လက်မြို့ ပြည်သူအုပ်ချုပ်ရေး သတင်းထုတ်ပြန်ရေး အဖွဲ့က မေလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ကန်ပက်လက်မြို့ရဲ့ ၂ မိုင်အကွာနေရာတွေအထိ တိုက်ပွဲပြင်းထန်နေသလို စစ်တပ်ဘက်ကလည်း မေလ ၂၁ ရက်နေ့ မနက်ပိုင်းနဲ့ ညနေပိုင်းမှာ လေကြောင်းကနေ လေးကြိမ်ထက် မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ချင်းပြည်နယ်အခြေစိုက် သတင်းတွေမှာ ဖော်ပြပါတယ်။
ချင်းပြည်နယ် ဝင်ပေါက် ဆောမြို့နယ်ကို စစ်တပ်က အခုမေလထဲမှာပဲ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီး နင်းပြီးနောက် ဆောမြို့နဲ့ ၁၀ မိုင်ကျော်အကွာမှာရှိတဲ့ ကန်ပက်လက်မြို့ကိုပါ ထိုးစစ်ဆင်လာတာပါ။
ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်နေသလို ချင်းပြည်နယ် တောင်းပိုင်းက မြို့တွေဖြစ်တဲ့ မင်းတပ်နဲ့ မတူပီမြို့ တွေကိုလည်း ဒီရက်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ချင်းပြည်သူ့အစည်းအရုံး(Chin People’s Union)/ချင်းပြည်သူ့တပ်မတော် (Chin People’s Army) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန် တို့ကို ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။
စစ်တပ်ဘက်ကတော့ ချင်းတော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ဧပြီလ ၂၅ ရက်နေ့၊ တွန်းဇံမြို့ကို မေလ ၂၀ ရက်နေ့တို့မှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ချင်းပြည်နယ် မြောက်ပိုင်းဒေသတစ်ခုလုံးကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီလို့ မေလ ၂၁ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေကတဆင့် ဖော်ပြပါတယ်။
ချင်းပြည်နယ်မြောက်ပိုင်းကို ထိန်းချုပ်နိုင်လိုက်တဲ့ စစ်တပ်ဟာ မကွေးတိုင်းဆောမြို့နယ်ကတဆင့် ချင်းပြည်နယ်တောင်ပိုင်းက မြို့ရွာတွေကို အပြင်းအထန်ထိုးစစ်ဆင်လာနိုင်ပြီး အဲဒီကတဆင့် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့နယ်မြေတွေကိုပါ ခြိမ်းခြောက်လာနိုင်တယ်လို့ စစ်ရေး နိုင်ငံရေး လေ့လာသူတွေက RFA ကို ပြောပါတယ်။
လက်ရှိ စစ်တပ်က ပြန်လည်ထိုးစစ်ဆင်နေတဲ့ ကန်ပက်လက်မြို့ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ချင်းညီနောင် ပူးပေါင်တပ် (CB) က သိမ်းပိုက်ထိန်းချုပ်ခဲ့တာ ဖြစ်ပြီး အာရက္ခတပ်တော် (AA) ထိမ်းချုပ်ထားတဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်နဲ့ နယ်မြေချင်း ထိစပ်နေပါတယ်။
