ချင်းတော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်ကော်မရှင်က နှစ်ရက်ဆက်တိုက် လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်းတွေအပါအဝင် သေဆုံးသူ လေးဦးရှိတယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) က မေလ ၁၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
မင်းတပ်မြို့ပေါ်ကို မေလ ၁၁ ရက်နေ့ညမှာ ဂျက်တိုက်လေယာဉ်နဲ့ နှစ်ကြိမ်၊ မေလ ၁၂ ရက်နေ့မှာ ကိုးကြိမ် တိုက်ခိုက်ခဲ့တယ်လို့ CPU/CPA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်သုံ့ပန်းတွေအပါအဝင် လေးဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိတဲ့အပြင် အရပ်သားနေအိမ် ၁၅ လုံး၊ အစိုးရရုံးအဆောက်အဦ ၁ဝ လုံး၊ မော်တော်ယာဉ် လေးစီး ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။
သေဆုံးသူတွေနဲ့ပတ်သက်တဲ့ အချက်အလက်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။ မေလ ၁၃ ရက်နေ့ညနေပိုင်းမှာလည်း မင်းတပ်မြို့ပေါ် တစ်နေရာကို ဗုံးနှစ်လုံးကြဲခံခဲ့ရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ထိခိုက်ပျက်စီးတဲ့အခြေအနေကိုတော့ မသိရသေးပါဘူး။
CPU/CPA က ပြည်သူတွေအနေနဲ့ လူစုလူဝေးတွေရှောင်ရှားပြီး ဗုံးခိုကျင်းတွေ၊ ကတုတ်ကျင်းတွေ ပြင်ဆင်ထားဖို့ သတိပေးထားပါတယ်။
မင်းတပ်မြို့ကို ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလမှာ CDF မင်းတပ်အပါအဝင် ချင်းတော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတာပါ။
