ကျင်ဒွေးမြို့ ဗုံးကြဲခံရပြီး အရပ်သား ငါးဦးသေ၊ ဆယ်ဦးထက်မနည်း ဒဏ်ရာရ

စစ်ဘေးဒုက္ခသည်တွေခိုလှုံနေတဲ့နေရာကို ညဘက်မှာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦး သေဆုံး။

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ (ရွာဟောင်း) ကို စစ်တပ်က ဇွန်လ ၁၉ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး နောက်ထပ် ၁၀ ဦးကျော် ဒဏ်ရာရထားတယ်လို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ဘေးဒုက္ခသည်တွေခိုလှုံနေတဲ့နေရာကို ည ၁၁ နာရီခွဲလောက်မှာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦး သေဆုံးခဲ့တာလို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

စစ်ဘေးတိမ်းရှောင်နေသူတွေဟာ လေကြောင်းအန္တရာယ်ကြောင့် ဗုံးကြဲတိုက်ခိုက်ခံရတဲ့ အဲဒီနေရာမှာ ဆက်မနေရဲတော့ဘဲ နီးစပ်ရာ တောတောင်တွေထဲ ထပ်မံတိမ်းရှောင်နေရတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“ဒဏ်ရာရလူနာတွေကို အရေးပေါ်ကုသမှုပေးပြီး၊ ဆရာ၀န်ရှိတဲ့ နေရာကို ပို့ပေးထားပါတယ်။ ပြည်သူတွေကတော့ လောလောဆယ် အဲဒီမှာမနေရဲလို့ နီးစပ်ရာ ဥယျာဉ်တောင်ယာတွေကို ပြေးကြပါတယ်။ အခု ပြည်သူတွေက အရင်ကတည်းက ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွေကတည်း ကာလရှည် စစ်ဘေးရှောင်နေရတဲ့ သူတွေပါ။ လက်ရှိမှာ တိုက်ပွဲမရှိပါဘူး အဲဒီဘက်မှာ စစ်ကြောင်းလည်းမရှိပါဘူး။ တိုက်ပွဲဖြစ်တဲ့ ကန်ပက်လက်နဲ့ ကားလမ်းအတိုင်းဆိုရင် ၆၅ မိုင်ဝေးတဲ့နေရာပါ”

ဒဏ်ရာရသူတွေနဲ့ စစ်ဘေးတိမ်းရှောင်ရသူတွေအတွက် ဆေးဝါးနဲ့ အရေးပေါ် အကူအညီတွေလိုအပ်နေတယ်လို့လည်း သူက ဆိုပါတယ်။

လက်ရှိမှာ ကန်ပက်လက်မြို့ကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး အရပ်သားပစ်မှတ်တွေပါမချန် လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် ပြည်သူတွေ အိမ်တိုင်း ပုန်းခိုကျင်းတွေတူးကြဖို့၊ လေကြောင်းသတင်းရတာနဲ့ ပုန်းခိုကျင်းတွေထဲမှာ နေရာယူဖို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းချက်ထုတ်ပြန်ထားပါတယ်။

ကန်ပက်လက်မြို့နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်တပ်ဘက်က သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

ဧပြီလ ၂၉ ရက်နေ့ကလည်း ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် အရပ်သား ၉ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအရ ဧပြီလကုန်ပိုင်းကနေ အခုဇွန်လအထိ ချင်းပြည်နယ်တောင်ပိုင်း မတူပီ၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေထဲမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ ဦး ထက်မနည်း သေဆုံးခဲ့ပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တို့ကို စစ်တပ်က အင်အား နှစ်ထောင် ဝန်းကျင်နဲ့ ထိုးစစ်ဆင်လာတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ မေလလယ်လောက်ကစပြီး တိုက်ပွဲတွေ နေ့စဉ်ပြင်းထန်နေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CPU)/ ပြည်သူ့တပ်မတော်(CPA) ဇွန်လ ၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။